သက်တံ့
၈. ၉. ၂၀၂၆
အိန္ဒိယ-မြန်မာ နယ်စပ် ကမ်ဂျုန်း (Kamjong) ခရိုင်အတွင်းရှိ ကျေးရွာ သုံးရွာကို လက်နက်ကိုင် သောင်းကျန်းသူများ တိုက်ခိုက်ခဲ့မှုအား ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မဏိပူရ် ပြည်နယ် ပြည်ထဲရေးဝန်ကြီး Mr. Konthoujam Govindas Singh က တနင်္လာနေ့တွင် ပြည်နယ်လွှတ်တော်သို့ ပြောကြားခဲ့သည်။
မေလ ၇ ရက်နေ့က မြန်မာနယ်စပ်အနီး ကမ်ဂျုန်းခရိုင်အတွင်းရှိ ဇတ်ချိုရို (Z. Choro)၊ နမ်လီ (Namlee) နှင့် ဝမ်လီ (Wanglee) ကျေးရွာများကို လက်နက်ကိုင် သောင်းကျန်းသူများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက လွှတ်တော်သို့ ပြောခဲ့သည်။
အဆိုပါ ကျေးရွာများသည် ခြံစည်းရိုးခတ်မထားသော မြန်မာနယ်စပ်နှင့် အလွန်နီးကပ်သည့် နေရာတွင် တည်ရှိသည်။ ကွန်ဂရက်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် Mr. Kangujam Ranjit Singh ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း Mr. Govindas Singh က ပြောကြားခဲ့သည်။ ပြည်နယ်အစိုးရအနေဖြင့် ကျေးရွာများရှိ ပျက်စီးဆုံးရှုံးမှုများကို စိစစ်တွက်ချက်ခဲ့ရာ ရူပီး ၅ ကုဋေကျော် တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ပြီး ပျက်စီးသွားသော နေအိမ်များကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားပြီးသည်နှင့် တပြိုင်နက် ပြည်ထဲရေးဝန်ကြီးသည် လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်အတူ ကူညီကယ်ဆယ်ရေး ပစ္စည်းများယူဆောင်ကာ နယ်စပ်ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကျေးရွာများသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် တည်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုဧရိယာအတွင်း လုံလောက်သော လုံခြုံရေး အစီအစဉ်များ ပြုလုပ်ပေးထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
မြန်မာနိုင်ငံအခြေစိုက် ကူကီး အမျိုးသားတပ်ဦး (KNF – B အုပ်စု) အဖွဲ့သည် အဆိုပါ တိုက်ခိုက်မှုနှင့် မီးရှို့မှုတွင် ပါဝင်ပတ်သက်မှု ရှိမရှိ မေးမြန်းချက်နှင့် ပတ်သက်၍ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်သဖြင့် အဆိုပါ သောင်းကျန်းသူအဖွဲ့ ပါဝင်ပတ်သက်မှု ရှိမရှိ ထုတ်ဖော်ပြောဆိုရန် စောလွန်းသေးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
မဏိပူရ်ပြည်နယ်ရှိ ခရိုင်ငါးခုဖြစ်သည့် ချူရာချန်းပူရ် (Churachandpur)၊ တန်နူးပါးလ် (Tengnoupal)၊ ချန်ဒဲလ် (Chandel)၊ ကမ်ဂျုန်း (Kamjong) နှင့် ဥက္ကရူးလ် (Ukhrul) တို့သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာ ရှည်လျားသော ခြံစည်းရိုးခတ်မထားသည့် နိုင်ငံတကာနယ်စပ်ကို ထိစပ်နေခြင်းဖြစ်သည်။
ယင်းအတောအတွင်း မဏိပူရ် ပြည်နယ်ရဲတပ်ဖွဲ့၊ CoBRA (Commando Battalion for Resolute Action)၊ ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (RAF) အဖွဲ့များ ပူးပေါင်း၍ တနင်္လာနေ့တွင် ကန်းပေါ့ပီ (Kangpokpi) ခရိုင်၊ ဆိုင်ခူးလ် (Saikul) ရဲစခန်းလက်အောက်ရှိ ဂမ်ပွမ် (Gampum) ကျေးရွာ၌ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာ ကူကီး လွတ်မြောက်ရေးတပ်မတော် (KLA) တပ်ဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များသည် KLA ဟု သံသယရှိသော အဖွဲ့၏ တရားမဝင် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းအတွင်းမှ သေနတ် ခုနစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။ “ဖမ်းဆီးရမိသူတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို ဆက်လက်ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ထိန်းသိမ်းထားပါတယ်။ စခန်းကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ချိန်းပိတ် သော့ခတ်လိုက်ပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Ref: Shilong Times
