၇.၉.၂၀၂၆
Written By Thandar
Young Investment Myanmar (YIM) အသင်းရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းသစ်တွေပြိုင်ပွဲတစ်ခုဖြစ်တဲ့ Startup World Cup ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပသွားမယ်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၇ရက် နေ့လည် ၁နာရီက ရန်ကုန်မြို့ Chatrium Hotel မှာကျင်းပခဲ့ပါတယ်။
မိတ်ဆက်ပွဲ ပြောကြားချက်အရ မြန်မာနိုင်ငံက နည်းပညာနဲ့ စီးပွားရေး စတင်လုပ်ကိုင်သူတွေ (Startups) အတွက် ရည်ရွယ်တဲ့ Startup World Cup Myanmar ပြိုင်ပွဲ အနိုင်ရရှိသူက အမေရိကန်မှာ သွားရောက်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
” ဒီ Startup World Cup က ကျွန်တော်တို့ Press Conference တစ်ခုတည်းလို့ ကျွန်တော်တို့ ပြောလို့ မရပါဘူး။ ကျွန်တော်တို့ မြန်မာပြည်မှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ Idea Generation လုပ်နိုင်တဲ့ လူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကမ္ဘာနဲ့ ချိတ်ဆက်ပေးဖို့အတွက် လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ အားလုံးဝိုင်းဝန်းပြီးတော့မှ စတင်ဖောက်လုပ်နေတယ်လို့ ယူဆရင် ပိုပြီးတော့မှ ပြည့်စုံမယ့် ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြန်မာက ဒီ Startup World Cup Myanmar 2026 Regional Competition ကို ကျွန်တော်တို့ ဒီနေ့ ဒီအချိန်ကစပြီးတော့မှ တာဝန်ယူကျင်းပနေတာကို ဒီနေ့ ကျွန်တော်တို့ တရားဝင်ကြေညာတာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ဝင်ပြိုင်တဲ့သူတွေ တစ်ဦးချင်းစီက နိုင်ငံတကာမှာရှိနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ Corporate အဖွဲ့အစည်းတွေ ကျွမ်းကျင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ Startup Ecosystem မှာရှိနေတဲ့ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခွင့် ရရှိပြီးတော့မှ ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို သူများအရှေ့မှာ ချပြခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ မြန်မာပြည်က Regional အနိုင်ရသွားတဲ့ Startup တစ်ခုဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ San Francisco မြို့မှာကျင်းပမယ့် Startup World Cup 2026 မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေတဲ့ အခြားသော Startup တွေနဲ့လည်း ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်တဲ့အပြင် အမေရိကန်ဒေါ်လာ ၁ သန်းတန် ရင်းနှီးမြှုပ်နှံမှုကိုလည်း ဆက်လက်ပြီးတော့မှ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်”လို့ ကိုညီနိုင် (Founder & HR Consultant Director)က MT Entertainment ကိုပြောပါတယ်။
မြန်မာနိုင်ငံအဆင့်ပြိုင်ပွဲကို YEN-D Myanmar Association က ဦးဆောင်ကျင်းပမှာဖြစ်ပြီး နည်းပညာအခြေပြု Startup တွေသာမက စားသောက် ကုန်၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှုနဲ့ အခြားစီးပွားရေးလုပ်ငန်းများလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းအဆင့်အနေနဲ့ Idea Stage က လက်တွေ့လုပ်ငန်းလည်ပတ်နေတဲ့အဆင့်အထိ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ဒီပြိုင်ပွဲအသေးစိတ်နဲ့ လျှောက်ထားနိုင်တဲ့အချက်အလက်တွေ လျှောက်လွှာတွေကို စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တရားဝင်စတင်လက်ခံမှာဖြစ်သလို လျှောက်လွှာပိတ်ရက်က စက်တင်ဘာလ ၂၅ ရက်ဖြစ်တယ်လို့ သိရပါတယ်။
“အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ ဒီနေ့ပွဲကြီးဟာ Startup World Cup ဆိုတာထက် မြန်မာပြည်မှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကို ကမ္ဘာ့စင်မြင့်ထက်ကနေ ကျွန်တော်တို့က ချိတ်ဆက်ပေးနေတဲ့နေ့ ဖြစ်ပါတယ်။ Startup World Cup က နိုင်ငံပေါင်း ၆၀ ကျော်မှာ နှစ်စဉ်ပွဲပေါင်း ၁၀၀ ကျော်ကျင်းပလေ့ရှိပြီးတော့ တက်ရောက်သူ စုစုပေါင်း ၅၀,၀၀၀ ကျော်နဲ့ ရင်းနှီးမြှုပ်နှံသူ ၂,၅၀၀ ကျော် ပါဝင်ချိတ်ဆက်သည့် ပွဲကြီးတစ်ခုဖြစ်တယ်”လို့ သူက ဆက်ပြောပါတယ်။
အဆိုပါပြိုင်ပွဲမှာ အနိုင်ရရှိသူက အမေရိကန်ဒေါ်လာ ၁ သန်းအထိ ရင်းနှီးမြှုပ်နှံမှု ဆုကြေးငွေ ရရှိမှာဖြစ်ပါတယ်။ စိစစ်ရွေးချယ်ခံရတဲ့ လုပ်ငန်းတွေက ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းတင်ပြဖို့ ၆ မိနစ်စာ အချိန်ရမှာဖြစ်ပြီး ၄ မိနစ် တင်ပြခြင်းနဲ့ ၂ မိနစ် မေးခွန်းများ ဖြေကြားခြင်းတွေပြုလုပ်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံပြိုင်ပွဲရဲ့အနိုင်ရရှိသူက နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု (US) မှာ ကျင်းပမယ့် Startup World Cup ဆန်ခါတင်ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
