၇.၉.၂၀၂၆
translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုပြည်နယ်ရှိ တီမာစကာလ်စင်ဂိုမြို့ (Temascalcingo) တွင် ခရစ်ယန် ဘာသာဝင်တို့၏ သူတော်စင်တစ်ပါးအတွက် ပွဲတော်ကျင်းပနေစဉ်အတွင်း မီးရှူးမီးပန်းပစ္စည်းများ ပေါက်ကွဲခဲ့ပြီး နံရံတစ်ခု ပြိုကျရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး နောက်ထပ် ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်များက ပြောကြားခဲ့သည်။
မက္ကဆီကိုအလယ်ပိုင်းရှိ လူဦးရေ ၆၆,၀၀၀ ရှိသော တီမာစကာလ်စင်ဂိုမြို့ ရှိ Nuestra Señora de la Luz ဘုရားရှိခိုးကျောင်းဘေးတွင် စက်တင်ဘာလ ၅ ရက်ညက အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ရာပေါင်းများစွာသည် ဘာသာရေးပွဲတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မီးရှူးမီးပန်းပြပွဲကို ကြည့်ရှုရန် ပြင်ဆင်နေကြစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
တီမာစကာလ်စင်ဂိုမြို့က မြို့တော်မက္ကဆီကိုစီးတီး၏ အနောက်မြောက်ဘက် ၁၆၀ ကီလိုမီတာ (၁၀၀ မိုင်) ခန့် အကွာတွင် တည်ရှိသည်။




ပေါက်ကွဲမှု၏ အကြောင်းရင်းကို အတိအကျမဆုံးဖြတ်ရသေးဘဲ မက္ကဆီကိုပြည်နယ် ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီဖြစ်သည်။
ဒေသခံခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက ဒဏ်ရာရရှိသူများထဲတွင် ဘုန်းတော်ကြီးနှစ်ပါး ပါဝင်ကြောင်း ပြောကြားခဲ့သည်။
လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ပေါက်ကွဲမှုအပြီးတွင် လူအများအပြားသည် မီးခိုးများနှင့် အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြသည်ကို တွေ့ကြရ သည်။
မက္ကဆီကိုနိုင်ငံတွင် လမ်းဘေးပွဲများနှင့် ဘာသာရေးပွဲတော်များ၌ မီးရှူးမီးပန်းများကို မကြာခဏ အသုံးပြုလေ့ရှိရာ မီးရှူးမီးပန်းများပါဝင်သော ပေါက်ကွဲမှုများက မက္ကဆီကိုနိုင်ငံအတွင်း အဖြစ်များသည်။
လွန်ခဲ့သော လေးနှစ်နီးပါးက ဟီဒါလ်ဂို ပြည်နယ်အလယ်ပိုင်း ဟူဂျပ်လာမြူနီစီပယ်ရှိ ရွာတစ်ရွာတွင် အားကောင်းသော မီးရှူးမီးပန်းပေါက်ကွဲမှုတစ်ခုကြောင့် လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။
Ref; Fox 8
