သက်တံ့
၇. ၉. ၂၀၂၆
အိန္ဒိယနိုင်ငံကို လာမည့် သုံးနှစ်အတွင်း မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံဖြစ်လာစေမည်ဟု အာမခံပြောကြားလိုက်ပြီး မြန်မာနှင့် အာဖဂန်နစ္စတန်တို့မှ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးရန်အတွက် ဗဟိုအစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ၏ နယ်စပ်များကို လုံးဝပိတ်ဆို့သွားမည်ဟု ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“မူးယစ်ဆေးဝါး ထုတ်လုပ်မှုတစ်ခုတည်းတင် ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ နယ်စပ်နှစ်ခုကြားမှာ ပိတ်မိနေတာပါ။ မူးယစ်ဆေးဝါးတွေဟာ မြန်မာဘက်ခြမ်းကော အာဖဂန်နစ္စတန်ဘက်ခြမ်းကပါ နိုင်ငံအတွင်းကို ဝင်ရောက်နေတာ ဖြစ်ပါတယ်။ မြန်မာနယ်စပ်ဟာ ပွင့်ဟနေတာကြောင့် အစိုးရအနေနဲ့ နယ်စပ်ကို ပိတ်ဆို့ဖို့ ဆောင်ရွက်နေပါတယ်… ဒါပေမဲ့ ဒီနယ်စပ်ဟာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်” ဟု Mr. Shah က ပြောသည်။
ထို့ပြင် ‘မူးယစ်ဆေးဝါးကင်းစင်သော အိန္ဒိယ’ ဖြစ်လာစေရန် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ ၂၀၂၉ ခုနှစ် ဇွန်လအထိ သုံးနှစ်တာ လမ်းပြမြေပုံကို ပြင်ဆင်ပြီးဖြစ်ကြောင်းလည်း Mr. Shah က ပြောကြားခဲ့သည်။
“အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ကင်းစင်သွားဖို့အတွက် ပြည်နယ်အားလုံးကို ကျွန်တော်ကိုယ်တိုင် သွားရောက်မှာ ဖြစ်ပါတယ်” ဟု Mr. Shah က ဆိုသည်။
ထို့အပြင် Mr. Shah က မော်စီတုန်းဝါဒီ (Maoist) ကွန်မြူနစ် လက်နက်ကိုင် သောင်းကျန်းမှုများ (Naxalite) အဆုံးသတ်သွားပြီးနောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် နိုင်ငံ၏ အကြီးမားဆုံး အမျိုးသားရေး တိုက်ပွဲတစ်ခု ဖြစ်ကြောင်း၊ လူငယ်များ၊ မိသားစုများ၊ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် သန္နိဋ္ဌာန်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“ကျွန်တော်တို့နိုင်ငံထဲကို မူးယစ်ဆေးဝါး တစ်ဂရမ်မျှပင် ဝင်ရောက်ခွင့်ပေးမှာ မဟုတ်သလို ကျွန်တော်တို့ရဲ့ လမ်းကြောင်းတွေကို အသုံးပြုပြီး နိုင်ငံပြင်ပကို မူးယစ်ဆေးဝါး တစ်ဂရမ်မျှ ထွက်သွားတာမျိုးလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု သူက ပြောကြားခဲ့ပြီး လာမည့် သုံးနှစ်အတွင်း ဝှက်ထားသော မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဓာတ်ခွဲခန်း ၁၀၀ ကို ဖျက်ဆီးသွားမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းအပြင် မူးယစ်ဆေးဝါး ကွန်ရက်များကို ဖြိုခွဲမည့် မဟာဗျူဟာသည် ရလဒ် ၄ ခုကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ ရောင်းလိုအား လျှော့ချခြင်း၊ ဝယ်လိုအား လျှော့ချခြင်း၊ ဘေးအန္တရာယ် လျှော့ချခြင်း နှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့ ဖြစ်သည်ဟု သူက ပြောသည်။
ထို့အတူ စတုဂံပုံစံ မဟာဗျူဟာကို ကျင့်သုံးခြင်းအားဖြင့် ‘သေမင်းတြိဂံ’ ဟု တင်စားခေါ်ဆိုသည့် ရွှေတြိဂံဒေသ (မြန်မာ၊ လာအို နှင့် ထိုင်း) နှင့် ‘သေမင်းလခြမ်း’ ဟု ခေါ်ဆိုသည့် ရွှေလခြမ်းကွေးဒေသ (အာဖဂန်နစ္စတန်၊ အီရန် နှင့် ပါကစ္စတန်) လမ်းကြောင်းများမှ နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးနေမှုများ ထိန်းချုပ်ရန် လိုအပ်သည့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်နေကြောင်း Mr. Shah က ဆက်လက် ပြောသည်။
၂၀၁၄ ခုနှစ် မတိုင်မီက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို စနစ်တကျ မဟုတ်ဘဲ တစ်စစီ သီးခြားစီ လုပ်ဆောင်ခဲ့ကြပြီး အရေးယူဆောင်ရွက်မှုများမှာလည်း အနည်းငယ်မျှသာ ဖမ်းဆီးရမိခြင်းနှင့် သာမန်တရားခံများကိုသာ အရေးယူနိုင်ခြင်းတို့ဖြင့် ကန့်သတ်ချက်များရှိခဲ့ကြောင်း သူက ဆိုသည်။
၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရူပီး ဘီလီယံ ၄၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ကီလိုဂရမ် ၂ ဒသမ ၆ သန်းကို သိမ်းဆည်းရမိခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ရူပီး ဘီလီယံ ၁,၈၉၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး ကီလိုဂရမ် ၁၁ ဒသမ ၉ သန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ရူပီး ၁၉,၆၀၀ ကုဋေကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ကီလိုဂရမ် ၂၉,၉၆၈ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း Mr. Shah က ဆိုသည်။
“၂၀၁၉ ကနေ ၂၀၂၆ ဇူလိုင်လအထိ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါး စုစုပေါင်း ကီလိုဂရမ် ၉၃ ဒသမ ၃ သိန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ ၂၀၂၄ ကနေ ၂၀၂၆ ဇွန်လအထိတင် တရားဥပဒေ စိုးမိုးရေး အေဂျင်စီအားလုံးက အမှုပေါင်း ၃,၀၁၆ မှုမှာ ရူပီး ၁,၈၄၁ ကုဋေ တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မူးယစ်ဆေးဝါးတွေကို သူတို့ရဲ့ ငွေကြေးတွေနဲ့အတူ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
အဆိုပါ ဖမ်းဆီးမှုများမှ မူးယစ်ဆေးဝါး ကုန်ကူးမှုတွင် ပါဝင်သည့် ရာဇဝတ်သား ၁၀၀ ထက်မကကို အိန္ဒိယနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်အရေးယူနိုင်ခဲ့ကြောင်းလည်း Mr. Shah က ပြောကြားခဲ့သည်။
Ref: TOI
