၆.၉.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက် ဧရာ၀တီမြစ်ထဲတွင် မိန်းကလေးငယ်နှစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေနစ်သူ နှစ်ဦးမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးများဖြစ်ကြပြီး ၎င်းတို့နှစ်ဦးကို ဒေသခံလူမှုကူညီရေးအဖွဲ့များက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ ညနေ ၅ နာရီခွဲနှင့် ညနေ ၆ နာရီတို့တွင် ရေနစ်သေဆုံးသူမိန်းကလေးနှစ်ဦး ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။



ရေနစ်သေဆုံးသူ မိန်းကလေးနှစ်ဦး၏ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းတို့က နေအိမ်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် သြဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းကလည်း နန်းကွေ့ကျေးရွာ၊ နန်းကွေ့ချောင်းတွင် အသက် ၁၉ နှစ်အရွယ် မောင်သူထူးစံ ရေနစ်သေဆုံးခဲ့ပြီး သြဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်ကလည်း မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ လုံဂါပါရေဆိပ် ဧရာဝတီမြစ်ကမ်းဘေးတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးက သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ မြစ်ကမ်းဘေးရေဝဲအတွင်း ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
