သတိုး
၇. ၉. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ယခင်ထွက်ခွာသွားသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ ပြန်လည်ဝင်ရောက်မြှုပ်နှံရန် စိတ်ဝင်စားမှုအပြင် ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်ကပါ ပူးပေါင်းလုပ်ဆောင်မည့် စီးပွားရေးလုပ်ငန်းများ အတိအလင်း ချပြသွားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၊ ဝန်ကြီးချုပ် လေမင်ဟုန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ချန်ထန်မန်းတို့နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ – ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားမှု၊ စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာ ဆွေးနွေးမှုအပြင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
“စီးပွားရေးဖိုရမ်မှာဆိုရင် မြန်မာနိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင်နဲ့ ဗီယက်နမ်နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင် ၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီဖိုရမ်မှာပဲ နိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံဘက်ကို လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်၊ ကုန်သွယ်မှု တိုးမြှင့်မယ့်ကိစ္စတွေမှာ ကျွန်မတို့ဘက်က ဘာတွေလုပ်ပေးနိုင်မလဲ။ နောက်တစ်ခါ နိုင်ငံကနေပြီးတော့မှ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြန်လည်ထွက်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ကရော ဘာကြောင့်ပြန်ပြီး ထွက်ခွာသွားတာလဲ၊ သူတို့မှာ ဘာအခက်အခဲတွေရှိလဲ၊ ဘာအကန့်အသတ်တွေရှိလဲ၊ ကျွန်မတို့ ဘာတွေပြန်ပြီးတော့ ဖြေလျှော့ပေးရမလဲ၊ ဒါတွေအကုန်လုံးကိုလည်း နိုင်ငံတော်သမ္မတကြီးက ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ဘက်က ဘာတွေဆောင်ရွက်ပေးရမလဲ။ အဲဒီတော့ ဒီနေရာမှာ သတင်းကောင်းကြားခဲ့ရတာက ကျွန်မတို့နိုင်ငံကနေပြီးတော့ ထွက်ခွာသွားတဲ့ အရင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ကလည်း ပြန်လာဖို့အတွက်ကို စိတ်ဝင်စားကြောင်း၊ မေးမြန်းနေကြကြောင်း သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ နောက်ထပ်ထပ်ပြီးတော့မှလာချင်တဲ့၊ ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီနေ့ဆိုရင် B to B MoU ခုနစ်ခု ထိုးနိုင်ခဲ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးဖိုရမ်မှာပဲ ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်က ဘယ်လိုကဏ္ဍတွေမှာ၊ ဥပမာ- စိုက်ပျိုးမွေးမြူရေး၊ Digital Transformation၊ နောက်တစ်ခါ ဓာတ်သတ္တုတူးဖော်ရေး၊ စွမ်းအင်ကဏ္ဍ စသည်ဖြင့် ပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍတွေကို အတိအလင်းချပြသွားပါတယ်။ ဒါဟာ ဆုံးဖြတ်ပြီးသားဖြစ်တဲ့ အနေအထားတွေကို တွေ့ရပါတယ်။ ဒါဟာ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းပဲဖြစ်ပါတယ်။”ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ထို့အပြင် ဗီယက်နမ်ခရီးစဉ်အတွင်း အဓိက ရလဒ်ကောင်း သုံးချက်ထွက်ပေါ်ခဲ့ပြီး နံပါတ်တစ်အချက်အဖြစ် ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒုတိယအချက်အဖြစ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းအတွက် နှစ်ဖက် သေသေချာချာ ဆွေးနွေးခဲ့ကြောင်းနှင့် တတိယအချက်အဖြစ် ဒေသတွင်းနှင့် ကမ္ဘာ့မျက်နှာစာတွင် အပြန်အလှန်ထောက်ပံ့၊ ကူညီ၊ အားပေးရေးကို ဆွေးနွေးနိုင်ခဲ့သဖြင့် ဗီယက်နမ်၏ အာဆီယံမျက်နှာစာနှင့် ကမ္ဘာ့မျက်နှာစာမှာပါ မြန်မာနိုင်ငံအတွက် ရပ်တည်မှုမှာ နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ အောင်မြင်သည့် ခရီးစဉ်ဖြစ်ခဲ့ကြောင်းပါ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
“အဓိကရလဒ်ကတော့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှု အဲ့ဒါကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။ နောက်တစ်ခုကတော့ စီးပွားရေးအရ အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ နှစ်နှစ်တာ သံတမန်ရေးအရ အချိန်ဇယားပါ၊ သံတမန်အချိန် ဇယားပေါ်ထွက်လာခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ ဘာတွေဆောင်ရွက်မယ်။ ဒါတွေရဲ့ ရလဒ်တွေအားလုံးသည် ကျွန်မတို့ပြည်သူပြည်သားတွေအတွက် အကျိုးကို လက်တွေ့ဖော်ဆောင်ဖို့ ဘာတွေဆောင်ရွက်မယ်ဆိုတဲ့ လမ်းကြောင်းရရှိခဲ့ပါတယ်။”ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆက်လက်ပြောကြားသည်။
