သက်တံ့
၇. ၉. ၂၀၂၆
ဩစတြေးလျနိုင်ငံ အနောက်ပိုင်း (Western Australia) ၏ မြောက်ဘက်စွန်းတွင် တည်ရှိသော အလွန်ကျယ်ဝန်းပြီး သဘာဝပတ်ဝန်းကျင် ကြမ်းတမ်းသည့် ကင်ဘာလီဒေသတွင် ဆေးရုံတစ်ခုမှ ပျောက်ဆုံးသွားသည့် မြန်မာသင်္ဘောသားတစ်ဦး၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ကိုဝေဖြိုးအောင်ဆိုသည့် မြန်မာသင်္ဘောသားသည် ရင်ဘတ်အောင့်သည်ဟု ပြောဆိုခဲ့သဖြင့် စက်တင်ဘာ ၂ ရက်တွင် ပါသ်မြို့ (Perth) ၏ မြောက်ဘက် ကီလိုမီတာ ၃,၀၀၀ ခန့်အကွာရှိ Wyndham ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရကြောင်း ABC သတင်းဌာနက နားလည်ထားသည်။
ကိုဝေဖြိုးအောင်သည် လိုက်ဘေးရီးယား အလံတင် ကုန်သင်္ဘောတစ်စီးဖြစ်သည့် HG Ravenna တွင် သင်္ဘောသားအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
ရေကြောင်းသွားလာမှုဆိုင်ရာ ဒေတာများအရ အဆိုပါ ကုန်တင်သင်္ဘောကြီးသည် လွန်ခဲ့သည့်လက မလေးရှားနိုင်ငံ Lumut ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Wyndham ဆိပ်ကမ်းတွင် ကျောက်ဆူးချရပ်နားခဲ့ကြောင်း ဖော်ပြထားသည်။
အနောက်သြစတြေးလျ ကျေးလက်ကျန်းမာရေးဝန်ဆောင်မှုဌာန (WA Country Health Service) က အဆိုပါအမျိုးသားကို ယင်းနေ့မှာပင် Kununurra ဆေးရုံသို့ ပြောင်းရွှေ့ဆေးရုံတင်ခဲ့ပြီး ဆေးရုံဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကာ နောက်တစ်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ထိုနေ့မှစ၍ ကိုဝေဖြိုးအောင်ကို ထပ်မံ မတွေ့ရတော့ကြောင်း ABC က နားလည်ထားသည်။
စနေနေ့က Kununurra တွင် အပူချိန်မှာ ၃၈.၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။ သောကြာနေ့က လူမှုကွန်ရက် သတင်းအချက်အလက်ဘုတ်တစ်ခုတွင် ဤဖြစ်စဉ်အတွက် သတိပေးနှိုးဆော်ခဲ့ကြသည်။ အဆိုပါ ပို့စ်တွင် သူ၏လက်ဝယ်၌ “ဩစတြေးလျငွေကြေး ပါမသွားပါ” ဟု ယူဆရကြောင်း ရေးသားထားသည်။ ဩစတြေးလျ နယ်စပ်စောင့်တပ်ဖွဲ့ (Australian Border Force) ထံ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန (Department of Home Affairs) သို့ လွှဲပြောင်းပေးခဲ့သည်။
ပျောက်ဆုံးနေသူနှင့် ယခင်ကဖြစ်ပွားခဲ့သည့် သင်္ဘောသားပျောက်ဆုံးမှု အဖြစ်အပျက်များကို ယေဘုယျအားဖြင့် ပြောကြားရာတွင် Air Mission to Sea Farers အဖွဲ့၏ ဒါရိုက်တာ Sue Dight က ဤပျောက်ဆုံးမှုသည် “စိုးရိမ်စရာ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သူ့ဘာသာသူ သွားဖို့ ကြိုးစားခဲ့တာဆိုရင် အဲဒီဒေသက တိုင်းပြည်ရဲ့ အလှမ်းဝေးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် တော်တော်လေး ဒုက္ခရောက်နေနိုင်ပါတယ်” ဟု သူမက ပြောသလို “Kununurra ကနေ ထွက်ခွာဖို့ဆိုတာ လေယာဉ်ပေါ်၊ ဘတ်စ်ကားပေါ် လွယ်လွယ်နဲ့ တက်လိုက်ရုံနဲ့ မရပါဘူး။”ဟုလည်း ဆက်လက်ပြောသည်။
အဆိုပါအမျိုးသား ဆေးရုံမှ တစ်ယောက်တည်း ထွက်ခွာသွားရသည့် အကြောင်းအရင်း အများအပြား ရှိနိုင်ကြောင်းလည်း Ms Dight က ပြောသလို “မြန်မာနိုင်ငံအကြောင်း စဉ်းစားရင် ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်မတို့ မြင်ကြပါတယ်” ဟု သူမက ဆိုသည်။
အနောက်ဩစတြေးလျ ရဲတပ်ဖွဲ့ (WA Police) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ABC ၏ မေးခွန်းများကို နယ်စပ်စောင့်တပ်ဖွဲ့သို့သာ လွှဲပြောင်းမေးမြန်းခိုင်းခဲ့သည်။
Ref: ABC
