နေမိုး
၈. ၉. ၂၀၂၆
ဒုရဲအုပ်တစ်ဦးနဲ့ ဇနီးကို ပစ်သတ်လိုက်တယ်လို့ ကျူးလွန်တဲ့ မုံရွာပကဖ (မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) က ဒီနေ့ ဝန်ခံထားပါတယ်။
မုံရွာမြို့နယ် သာစည်ကျေးရွာအနီးက ဆောက်လက်စ အကျဉ်းထောင်ဂိတ်က ဒုရဲအုပ် ထွန်းကိုကိုနဲ့ ဇနီးကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲအချိန် သတ်ဖြတ်လိုက်တာဖြစ်ပြီး ကျူးလွန်တဲ့အဖွဲ့က Titans Force – Monywa LPDF ( မုံရွာမြို့နယ် ၊ တိုက်နယ် (၂) ပကဖ တိုက်ခိုက်ရေးအဖွဲ့) က ဖြစ်တယ်လို့လည်း မုံရွာပကဖ ဝန်ခံချက်မှာ ဖော်ပြထားပါတယ်။



ဒုရဲအုပ်ထွန်းကိုကိုတို့ ဇနီးမောင်နှံကို ပစ်သတ်အပြီးမှာပစ္စတို တစ်လက်၊ အိုင်ကွန်တစ်လုံး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ဒီလို သတ်ရတာကလည်း ဒုရဲအုပ်ထွန်းကိုကိုဟာအနီးအနားက လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်း၊ နွားကျောင်းသူတွေကို ဖမ်းဆီး ငွေညှစ်လို့ ဇနီးကိုပါ သတ်လိုက်တာလို့ ဆင်ခြေပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန် မမှန် MT News က အတည်မပြုနိုင်ဘဲ ကျူးလွန်တဲ့ NUG ဩဇာခံ PDF တွေရဲ့ ဝန်ခံချက်ကိုသာ သတင်းဖော်ပြတာ ဖြစ်ပါတယ်။
