


၁၁.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တိုဘာလ ၁၀ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၃၀၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးသတင်းများအရ သိရသည်။
သေဆုံးသူများထဲတွင် ဆော်ဒီနိုင်ငံသားလေးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးနှင့် အမေရိကန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ ဆူဒန်နှင့် အီဂျစ်နိုင်ငံတို့မှ တစ်ဦးစီ ပါဝင်ကြောင်း ဆော်ဒီလေကြောင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူအချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အဆင့်တွင် ရှိနေကြောင်းလည်း အဆိုပါအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
ဆော်ဒီဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့က ဤတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုဟု သတ်မှတ်ပြီး ယီမင်နိုင်ငံရှိ ဟူသီ သူပုန်များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲကာ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
ဤတိုက်ခိုက်မှုသည် ၂၀၁၅ ခုနှစ် မေလနောက်ပိုင်း ဆော်ဒီနိုင်ငံတွင် ဖြစ်ပွားခဲ့သော အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်သည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် ဆော်ဒီလေဆိပ်များကို အသုံးမပြုကြရန် ဟူသီတို့က လေကြောင်းလိုင်းများနှင့် ခရီးသည်များကို သတိပေးမှုပြုခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်က ထုတ်ပြန်ခဲ့သော ဟူသီတို့၏ ကြေညာချက်တွင် အောက်တိုဘာလ ၁၀ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအကြောင်း တိုက်ရိုက်ဖော်ပြထားခြင်း မရှိသော်လည်း ထိုလေဆိပ်ကိုပင် အောက်တိုဘာလ ၈ ရက်က သီးခြားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် ၎င်းတို့ပါဝင်ပတ်သက်ခဲ့ကြောင်း ယခင်က ပြောကြားထားခဲ့သည်။
တိုက်ခိုက်မှုအပြီးတွင် လေဆိပ်အဆောက်အအုံမှ မီးခိုးများ ထွက်ပေါ်နေသည်ကို ဗီဒီယို မှတ်တမ်း များတွင် တွေ့ရသည်။
ဤတိုက်ခိုက်မှုက အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီလ နောက်ပိုင်း ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံတစ်ခုအပေါ် ပြုလုပ်ခဲ့သော အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။
Ref: BBC
