


နေမိုး
၁၁. ၁၀. ၂၀၂၆
အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် သားဖြစ်သူကို မကွေး PDF များ ဖမ်းဆီးသွားပြီးနောက် ဦးခေါင်းများကို သေနတ်နှင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သဖြင့် သုံးလောင်းပြိုင် သေဆုံးသွားမှု မကွေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၈ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြည်တလုံးကျေးရွာနေသူများဖြစ်သည့် ဂျိုးကြာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး (၆၃) နှစ်၊ ရာအိမ်မှူး ဦးအုန်းကျော်(၅၂)နှစ်နှင့် ၎င်း၏ သားဖြစ်သူ ကိုချစ်ထူး(၂၄)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ရှစ်ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ကြည်တလုံးကျေးရွာအဝင်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ဦးခေါင်းများကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ဌေး၊ ဦးအုန်းကျော်နှင့် ကိုချစ်ထူးတို့ သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
