သက်တံ့
၁၀. ၁၀. ၂၀၂၆
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပညာရေး စသည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ တိုးချဲ့သွားရန် ကြိုးပမ်းလျက် ရှိကြသည်။
ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခွန်ဆူဒါရီ (Khuon Sudary) က ဗီယက်နမ် ဝန်ကြီးချုပ် လေမင်းဟုန် (Le Minh Hung) နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနီးကပ်လာမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု အမျိုးသားလွှတ်တော်၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ခွန်ဆူဒါရီက နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ၆ ခုကို မီးမောင်းထိုးပြခဲ့ပြီး အဆိုပါ သဘောတူညီချက်များသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၏ ဖိတ်ကြားချက်အရ လာရောက်သည့် လေမင်းဟုန်၏ ယခု တရားဝင် ခရီးစဉ်သည် ထိပ်သီးခေါင်းဆောင်များအကြား ရရှိထားသည့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များကို တိုက်ရိုက် စီးပွားရေး တိုးတက်မှုများအဖြစ် သက်ရောက်လာစေရန် ပြောင်းလဲဖော်ဆောင်သည့် အဓိက ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဖော်ပြခဲ့သည်။
ဒေသတွင်းနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးအရ မရေရာမှုများ ရှိနေချိန်တွင် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာ အရေးကြီးကြောင်း ခွန်ဆူဒါရီက ထောက်ပြခဲ့ပြီး အစိုးရချင်း ဆက်ဆံရေးနှင့်အပြိုင် လွှတ်တော်ဆိုင်ရာ သံတမန်ရေးရာ ကဏ္ဍသည်လည်း ပိုမိုတက်ကြွစွာ ပါဝင်လာနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဗီယက်နမ် ဝန်ကြီးချုပ် လေမင်းဟုန်ကလည်း ကမ္ဘောဒီးယားနိုင်ငံသည် တော်ဝင်အစိုးရ၊ အထက်လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ဦးဆောင်မှုအောက်တွင် ၂၀၅၀ ပြည့်နှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စွာ ပြည့်မီနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Ref: Khmer Times
