သက်တံ့
၁၀. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရာဝတ် (Prawet) ခရိုင်ရှိ နေအိမ်တစ်အိမ်မှ သေနတ်များ၊ ကျည်ဆန် ၂၀၀ နီးပါးနှင့် C4 ဖောက်ခွဲရေးပစ္စည်းသုံး Detonators များဟု သံသယရှိသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီးနောက် သေနတ်များ ပြုပြင်မွမ်းမံခြင်းနှင့် ဖောက်ခွဲရေးပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အဆိုပါ ဖမ်းဆီးမှုကို အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမျိုးအမည် ဖော်ပြမထားသော သံသယရှိသူ (အက္ခရာ P ဟုသာ ဖော်ပြထားသူ) ကို ၎င်း၏ နေအိမ်တွင်ပင် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ယခုအမှုသည် အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်အုပ်စု အစဉ်အလာနှစ်ပတ်လည် အစည်းအဝေးများ မတိုင်မီ ထိုင်းဘုရင့်ရဲတပ်ဖွဲ့နှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် ပြစ်မှုမကင်းသော သံသယဖြစ်ဖွယ်ရာများအား နှိမ်နင်းရေး စီမံချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ကလေးသူငယ်နှင့် အမျိုးသမီးများ ကာကွယ်ရေးနှင့် နှိမ်နင်းရေးဌာနခွဲမှ ရဲအရာရှိများသည် တရားမဝင် သေနတ်များနှင့် Detonators အပါအဝင် ဖောက်ခွဲရေးဆိုင်ရာအစိတ်အပိုင်းများ ရောင်းချနေကြောင်း သတင်းရရှိပြီးနောက် LINE နှင့် Telegram ဂရုများကို စောင့်ကြည့်စုံစမ်းခဲ့ကြသည်။ ထို့နောက် ရဲတပ်ဖွဲ့က သံသယရှိသူ၏ နောက်ကြောင်းကို ခြေရာခံမိခဲ့ပြီး လျှို့ဝှက်စိစစ်ဝယ်ယူမှု ပြုလုပ်ကာ ၎င်း၏နေအိမ်၌ပင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် မွမ်းမံပြင်ဆင်ထားသော .380 ကာလီဘာ ပြောင်းချောသေနတ် ၁ လက်နှင့် မွမ်းမံပြင်ဆင်ရန် လုပ်ဆောင်ထားသည့် .380 ကာလီဘာ Blank သေနတ် ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသော ကျည်ဆန်များတွင် .380 ကာလီဘာ ကျည် အတောင့် ၁၀၀၊ .22 ကာလီဘာ ကျည် အတောင့် ၃၀၊ 5.56 mm ကျည် အတောင့် ၂၀၊ 9 mm ကျည် အတောင့် ၂၀၊ Blank စက်ပစ်ကျည် အတောင့် ၅၀ နှင့် 12-gauge ပြောင်းချောသေနတ်ကျည် ၁ တောင့်တို့ ပါဝင်သည်။
ထို့ပြင် 5.56 mm ကျည်အိမ် ၁ ခု၊ 7.62 mm ကျည်အိမ် ၄ ခု၊ .22 ကာလီဘာ ကျည်အိမ် ၁ ခုနှင့် ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာတွင် သုံးသည့် ပစ္စည်းဟု သံသယရှိသော ပစ္စည်း ၁၄ ခုတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။ ထိုအထဲမှ ၄ ခုမှာ C4 ဖောက်ခွဲရေးပစ္စည်းများနှင့် တွဲဖက်အသုံးပြုနိုင်သည့် လျှပ်စစ် Detonators အသေးများ ဖြစ်ကြသည်။ အဆိုပါ ပစ္စည်းများကို မှုခင်းဆေးသိပ္ပံဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် ပေးပို့ထားပြီး မပေါက်ကွဲသေးသော ယမ်းဘီလူးနှင့် ဖောက်ခွဲရေးပစ္စည်းများ ဘေးအန္တရာယ်ရှင်းလင်းရေး (EOD) အရာရှိများကိုလည်း လာရောက်စစ်ဆေးရန် အကူအညီတောင်းခံထားသည်။
စုံစမ်းစစ်ဆေးသူများသည် သံသယရှိသူ၏ နေအိမ်အတွင်းမှ Detonators နှင့် မပေါက်ကွဲသေးသော ဖောက်ခွဲရေးပစ္စည်းများ ဘေးအန္တရာယ်ရှင်းလင်းရေးဆိုင်ရာ လက်စွဲစာအုပ်တစ်အုပ်ကိုလည်း တွေ့ရှိခဲ့သည်။
စစ်ဆေးမေးမြန်းစဉ်အတွင်း သံသယရှိသူက ၎င်းသည် ထိုင်းနိုင်ငံ၏ ပြင်ပသင်ပညာရေးစနစ် (Non-formal Education) ဖြင့် ပညာသင်ယူခဲ့သူဖြစ်ပြီး သေနတ်များနှင့် ဖောက်ခွဲရေး Detonators ခလုတ်များ ပြုလုပ်ခြင်းကို စိတ်ဝင်စားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းသည် ထိုအစိတ်အပိုင်းများကို ၂၀၂၄ ခုနှစ်မှစ၍ ၂ နှစ်နီးပါးမျှ စုဆောင်းတပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ဖောက်ခွဲရေးဆိုင်ရာ လျှပ်စစ်ပတ်လမ်းဘုတ်များကို တပ်ဆင်ခဲ့ကြောင်း အစိတ်အပိုင်းအားဖြင့် ဝန်ခံခဲ့သော်လည်း ပြန်လည်ရောင်းချခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က ထိုထွက်ဆိုချက်ကို ယုံကြည်ခြင်းမရှိဘဲ အဆိုပါပစ္စည်းများကို အခြားသူများထံ ဖြန့်ဖြူးထားခြင်း ရှိ၊ မရှိနှင့် ဝယ်ယူထားသူများ ထပ်မံရှိ၊ မရှိ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
သံသယရှိသူကို လိုင်စင်မဲ့ သေနတ်နှင့် ကျည်ဆန်များ လက်ဝယ်ထားရှိမှု၊ ဥပဒေအရ လိုင်စင်လျှောက်ထားခွင့်မရှိသော သေနတ်များ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုထားသည်။ ၎င်းအား သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများနှင့်အတူ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ပရာဝတ် (Prawet) ရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Ref: Thaiger
