



၁၀.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် သုခမိန်လမ်းရှိ နေအိမ်တိုက်ခန်းတွင် အောက်တိုဘာ ၉ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က တစ်ဦးတည်းနေထိုင်သော အဘွားအိုတစ်ဦး ပုပ်ပွသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းကို သွားရောက်သယ်ယူပေးခဲ့သည့်အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၈၀ ခန့်အရွယ်ရှိသော အဘွားအိုဖြစ်ပြီး နေအိမ်တွင် တစ်ဦးတည်းနေထိုင်သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ပတ်ဝန်းကျင်နေသူများကပြောသည်။
ပုပ်ပွသေဆုံးနေသော အဘွားအို၏ရုပ်အလောင်းကို အနာဂတ်အလင်းပရဟိတအသင်းမှ အသင်းဝင်များ သွားရောက်သယ်ယူပေးခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
“အသက်ကြီးလာရင် တစ်ဦးတည်းနေထိုင်တာထက် ဆွေမျိုးတစ်ယောက်ယောက်နဲ့အတူနေတာ ပိုကောင်းတယ်။ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာရင် အချိန်မီဆေးရုံဆေးခန်းပို့ဖို့၊ နေမကောင်းဖြစ်နေချိန်မှာ စောင့်ရှောက်ဖို့က လိုကို လိုအပ်တယ်။ ဒါမှမဟုတ် ဘိုးဘွားရိပ်သာတွေနဲ့ ဆက်သွယ်ပြီး နေထိုင်သင့်တယ်။ တစ်ယောက်တည်းနေလို့ တစ်ခုခုဖြစ်ရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး”ဟု သက်ကြီးဘိုးဘွားတစ်ဦးနှင့်အတူနေသူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
အဘွားအိုတစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
