
နေမိုး
၁၁. ၁၀. ၂၀၂၆
ဆန်စက်ပိုင်ရှင်အမျိုးသားတစ်ဦးကို မန္တလေး PDF များက ဆန်စက်အထိလာရောက်ပြီး ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားမှု တံတားဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက် ည ၉ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရေဂမိုးကျေးရွာနေ ဦးရန်နိုင်လင်း(ခ) ဦးရာဇာစိုး(၄၁)နှစ်သည် အဆိုပါကျေးရွာရှိ ၎င်းပိုင်ဆန်စက်ဝင်းအတွင်းရှိနေစဉ် PDF သုံးဦးခန့်က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အပေါ် ဒေသတွင်း သတင်းဌာနဖြစ်သည့် Voice Of Myanmar ၏ ဖော်ပြချက်အရ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရေဂမိုးကျေးရွာရှိ ရွှေညီကို ဆန်စက်ဝန်းအတွင်း ဆန်စက်ပိုင်ရှင် ဦးရန်နိုင်လင်း(ခ) ကိုရာဇာစိုးနှင့် ဖခင်ဖြစ်သူ ဦးမြင့်ဆွေ၊ သားဖြစ်သူ မင်းမင်းခန့်၊ ဆန်စက်မန်နေဂျာ ကိုတင်မျိုးအောင်(ခ) ချိန်ပီးတို့နှင့်အတူ ဆန်စက်တောင်ဘက် ပေ ၁၅၀ ခန့်ရှိ လူနေအိမ်တဲအတွင်း ထိုင်ပြီး စကားပြောနေချိန် အမျိုးအစား အရောင်မသိ 125 ဆိုင်ကယ်နှင့် အသက် ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသား ၃ ယောက် ရောက်ရှိလာပြီး သေနတ်အတို ၁ လက်နှင့် ချိန်ရွယ်ပြီး “တစ်ယောက်မှ မလှုပ်နဲ့ ခေါင်းငုံ့” ဟု ပြောဆိုကာ ဦးရန်နိုင်လင်း(ခ) ဦးရာဇာစိုး တယောက်တည်းကိုသာ ဆန်စက်တောင်ဘက်ကို လက်ယက်ခေါ်သွားပြီး ပစ်သတ်လိုက်သည်ဟု ဖော်ပြထားသည်။
