◾ ယခုဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၁၁၉ သန်းကျော်ရှိခဲ့ပြီး နှစ်နိုင်ငံ၏ ထုတ်ကုန်များမှာ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အလားအလာရှိသဖြင့် ကုန်သွယ်မှုကို ထပ်မံတိုးချဲ့ရန်ပါ ပြောကြား
သတိုး
၆. ၉. ၂၀၂၆
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်သွားမည့်အပြင် စိုက်ပျိုးရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ Artificial Intelligence (AI) နည်းပညာအသုံးချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများအထိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို၌ ကျင်းပသည့် မြန်မာ–ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ပြောကြားသည်။
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား နှစ် ၅၀ ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အခြေခံပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၁၁၉ သန်းကျော်ရှိခဲ့ပြီး နှစ်နိုင်ငံ၏ ထုတ်ကုန်များမှာ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အလားအလာရှိသဖြင့် ကုန်သွယ်မှုကို ထပ်မံတိုးချဲ့ရန် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန် ပြောကြားသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် သတ္တမမြောက် အများဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ ဘီလီယံကျော် တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ခန့်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေး၊ စိုက်ပျိုးရေးသုံးစက်ယန္တရား၊ မျိုးစေ့ထုတ်လုပ်မှု၊ စားသောက်ကုန်နှင့် ရေထွက်ကုန် တန်ဖိုးမြှင့်ထုတ်လုပ်ရေးတို့တွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ AI အသုံးချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် အစိုးရဝန်ဆောင်မှုများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ယင်းအပြင် ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ Package Tour အစီအစဉ်များအပါအဝင် နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ရန်၊ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် Biomass အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အစိုးရအနေဖြင့် ပံ့ပိုးကူညီသွားရန်၊ အခြေခံအဆောက်အအုံ၊ သံနှင့် သံမဏိ၊ ဘိလပ်မြေထုတ်လုပ်ရေးနှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များတွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပိုဆောင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုကို ကဏ္ဍစုံ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကာ အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့သည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
