သတိုး
၅. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးသည် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းအား ဂုဏ်ပြုသောအားဖြင့် ဟနွိုင်းမြို့ရှိ ဟိုချီမင်းဗိမာန် (Ho Chi Minh Mausoleum) တွင် လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားကို ဂုဏ်ပြု တက်ရောက် အလေးပြုခဲ့ကြောင်း သိရသည်။
၁၈၉၀ ပြည့်နှစ် မေ ၁၉ ရက်တွင် မွေးဖွားခဲ့သည့် ဟိုချီမင်း (အမည်ရင်း ငုယင်ဆင်းကွန်း) သည် ဗီယက်နမ်နိုင်ငံကို ပြင်သစ်နယ်ချဲ့အုပ်ချုပ်မှုမှ လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သူဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် ၁၉၁၁ ခုနှစ်တွင် သင်္ဘောပေါ်၌ စားဖိုမှူးအဖြစ် လုပ်ကိုင်ရင်း ပြင်သစ်၊ အမေရိကန်နှင့် ဗြိတိန် စသည့် နိုင်ငံများသို့ သွားရောက်ကာ ကွန်မြူနစ်ဝါဒနှင့် အမျိုးသားလွတ်မြောက်ရေး သဘောတရားများကို လေ့လာခဲ့သည်။





၁၉၄၁ ခုနှစ်တွင် ဗီယက်နမ်သို့ ပြန်လည်ရောက်ရှိပြီး ဗီယက်မင်း (Viet Minh) လွတ်မြောက်ရေးအဖွဲ့ကို တည်ထောင်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ပြင်သစ်နယ်ချဲ့ လက်အောက်မှ ဗီယက်နမ်ဒီမိုကရက်တစ် သမ္မတနိုင်ငံအဖြစ် လွတ်လပ်ရေးကြေညာခဲ့ပြီး ပထမဆုံး သမ္မတနှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
ထို့နောက် ပြင်သစ်နှင့် ဖြစ်ပွားခဲ့သော ဒိုင်ယန်ဗီယန်ဖူး တိုက်ပွဲ (၁၉၅၄) တွင် အနိုင်ရရှိခဲ့ပြီး နယ်ချဲ့စနစ်ကို ချေမှုန်းနိုင်ခဲ့သည်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲအတွင်း မြောက်ဗီယက်နမ်ကို ဦးဆောင်ကာ တောင်နှင့်မြောက် ဗီယက်နမ် တစ်နိုင်ငံတည်းအဖြစ် ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်သည်။
ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းသည် ဗီယက်နမ်တစ်နိုင်ငံတည်းအဖြစ် စုစည်းသည်ကို မမြင်တွေ့ရမီ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂ ရက် (အသက် ၇၉ နှစ်) တွင် ကွယ်လွန်ခဲ့သော်လည်း ၎င်း၏ စွမ်းဆောင်မှုများကြောင့် ဗီယက်နမ်တစ်နိုင်ငံတည်း ပေါင်းစည်းနိုင်ခဲ့သလို ဟိုချီမင်းကို ဂုဏ်ပြုသောအားဖြင့် ၁၉၇၅ ခုနှစ် စစ်ပွဲပြီးဆုံးပြီးနောက် တောင်ဗီယက်နမ်၏ မြို့တော် ဆိုင်ဂုံကို “ဟိုချီမင်းမြို့” ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။






