သက်တံ့
၅. ၁၀. ၂၀၂၆
အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင် ပြုလုပ်သည့် လမ်းမပေါ် ဆန္ဒပြပွဲများအတွင်း ရဲအရာရှိများက ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဟု အမျိုးသမီး သတင်းထောက် သုံးဦးက စွပ်စွဲလိုက်သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေသည့် လူငယ်အများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် စနေနေ့တွင် ထိုစွပ်စွဲချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒေလီရဲတပ်ဖွဲ့က လူမှုကွန်ရက်ပေါ်တွင် တင်ပြခဲ့သည့် ပို့စ်တစ်ခုတွင် ၎င်းတို့၏ မြို့တော်ဒေလီ ခရိုင်ရုံးသို့ တိုင်ကြားစာ ရရှိခဲ့ပြီး “တရားမျှတပြီး အဘက်ဘက်မှ ဘက်လိုက်မှုမရှိသော” စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနခွဲ (Crime Branch) သို့ လွှဲပြောင်းပေးထားကြောင်း ပြောကြားခဲ့သည်။
မဲစာရင်းများကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဂျာနက်ရှ် ကူးမား (Gyanesh Kumar) ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ တနင်္ဂနွေနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒေလီနှင့် မွန်ဘိုင်းမြို့တို့၌ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။
မဲစာရင်း ပြင်ဆင်ရေးဆွဲခြင်းမှာ စာရင်းထပ်နေသူများနှင့် မဲပေးပိုင်ခွင့် မရှိသူများကို ပယ်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယခုအချိန်အထိ မဲဆန္ဒရှင် စာရင်းမှ အမည် ၁၃၀ သန်းကျော်ကို ပယ်ဖျက်ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။
အွန်လိုင်းပေါ်ရှိ ဗီဒီယိုများတွင် ဒေလီမြို့လယ်ရှိ ဂျန်သာ မန်သာ (Jantar Mantar) ဆန္ဒပြကွင်းမှ လူများကို ရဲတပ်ဖွဲ့က အတင်းအဓမ္မ ဆွဲထုတ်သွားသည်ကို တွေ့ရသည်။
အမျိုးသမီး သတင်းထောက်များ၏ စွပ်စွဲချက်များတွင် ရဲအရာရှိအချို့က မလျော်ကန်သော ထိပါး နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဆိုသည့် အချက် ပါဝင်သည်။
အတိုက်အခံ ခေါင်းဆောင် ရာဟူး ဂန္ဒီ (Rahul Gandhi) က အမျိုးသမီးများသည် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေကြရပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် “ဒီဖြစ်စဉ်အတွက် အဖြေပေးရမည်” ဟု ပြောကြားခဲ့သည်။

“ရဲတွေက ကျွန်မရဲ့ ဆံပင်ကို ဆွဲပြီး ဒရွတ်တိုက် ခေါ်သွားတာပါ” ဟု ဂျဝါဟာလာ နေရူး တက္ကသိုလ်မှ ကျောင်းသူတစ်ဦးနှင့် တက်ကြွလှုပ်ရှားသူ အာနား ဆင်းဂ် (Aahna Singh) က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် “ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို” သုံးစွဲနေကြောင်း သူမက ဆိုသည်။
အိန္ဒိယ သတင်းထောက်များ အသင်း (Press Club of India) ကလည်း သတင်းထောက်များအပေါ် ပြုမူဆက်ဆံပုံကို “တုန်လှုပ်ဝမ်းနည်းမိပါကြောင်း” ပြောကြားခဲ့ပြီး ရဲအရာရှိများအပေါ် တိုင်ကြားချက်များနှင့် ပတ်သက်၍ ချက်ချင်း အရေးယူပေးရန် တောင်းဆိုခဲ့သည်။
“ဒီလို ပြုမူဆောင်ရွက်မှုမျိုးကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုမှာ သာမန်ကိစ္စလို လက်ခံလို့ မရပါဘူး။ သတင်းထောက်တွေအနေနဲ့ သတင်းအချက်အလက်တွေကို ကြောက်ရွံ့မှုမရှိ၊ နှောင့်ယှက်မှုမရှိဘဲ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ အမျိုးမျိုးသော ပြဿနာတွေကို အသံထွက်တောင်းဆိုဖို့ စုဝေးသူတွေအကြောင်း ရေးသားမှတ်တမ်းတင်ခွင့် ပေးရပါမယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ အဝတ်အစားများစုတ်ဖြဲ တိုက်ခိုက်မှုဟု စွပ်စွဲခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နယူးဒေလီမြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
မဲစာရင်း အကြီးအကျယ် ပြင်ဆင်မှုကို ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဘာရာတီယာ ဂျနာတာ ပါတီ (BJP) က အကျိုးအမြတ် ရရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။
ရွေးကောက်ပွဲ ကော်မရှင်ကမူ အဆိုပါ ပြင်ဆင်မှုကို စာရင်းထပ်နေသူများနှင့် မဲပေးပိုင်ခွင့် မရှိသူများကို ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ငြင်းဆိုသည်။
နောက်ဆုံး မဲစာရင်း ပြင်ဆင်မှုကို လွန်ခဲ့သည့် ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံခန့် (နှစ်ပေါင်း ၂၅ နှစ်ခန့်) က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများ၊ နိုင်ငံပြင်ပသို့ ထွက်ခွာသွားသူများနှင့် နေရပ်လိပ်စာ ပြောင်းရွှေ့သွားသဖြင့် တစ်နေရာထက်မက မှတ်ပုံတင်ထားသူများကို စာရင်းမှ ပယ်ဖျက်ကာ မဲစာရင်းကို နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်ရန် လိုအပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း ရွေးကောက်ပွဲများတွင် BJP ပါတီ အသာစီးရရှိစေရန်အတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကူးမားက မဲစာရင်းများကို မသမာသောနည်းဖြင့် ပြင်ဆင်နေသည်ဟု အတိုက်အခံပါတီများက စွပ်စွဲခဲ့ကြသဖြင့် အဆိုပါ ပြင်ဆင်မှုသည် စတင်ချိန်ကတည်းက အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ သို့သော် BJP ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင် နှစ်ခုစလုံးက ထိုစွပ်စွဲချက်များကို ပယ်ချထားသည်။
ဆန္ဒပြသူများတွင် အွန်လိုင်း ဟာသ တက်ကြွလှုပ်ရှားမှုအဖြစ် စတင်ခဲ့ပြီး ဩဇာညောင်းလာသည့် ကော့ခ်ရိုးခ်ျ ဂျနာတာ ပါတီ (Cockroach Janta Party – CJP) ၏ ထောက်ခံသူများလည်း ပါဝင်သည်။
အဆိုပါ ဖိအားပေးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြခဲ့ပြီးနောက် ထိုစဉ်က ပညာရေးဝန်ကြီး ဓမ္မန္ဒရာ ပရာဓန် (Dharmendra Pradhan) ကို ရာထူးမှ နုတ်ထွက်အောင် ဖိအားပေးနိုင်ခဲ့သဖြင့် ၎င်းတို့၏ ပထမဆုံး အဓိက အောင်ပွဲကို ရရှိခဲ့ဖူးသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကူးမား၏ လုပ်ဖော်ကိုင်ဖက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးဖြစ်သူ ဆုခ်ဘီးရ် ဆင်းဂ် ဆန်းဒူး (Sukhbir Singh Sandhu) နှင့် ဝိဝေခ် ဂျိုရှီ (Vivek Joshi) တို့သည် ၎င်းတို့ မသိရှိဘဲ ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် အမိန့်များအပေါ် ၁၀ လအတွင်း အနည်းဆုံး ၁၄ ကြိမ်ခန့် တရားဝင် ကန့်ကွက်ခဲ့ကြကြောင်း The Indian Express သတင်းစာတွင် ဖော်ပြခဲ့ပြီးနောက် CJP က နောက်ဆုံးဆန္ဒပြပွဲကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ သဘောထားကွဲလွဲမှုများသည် လွန်ခဲ့သည့်နှစ်က စတင်ခဲ့သော အထူး အထူးကြပ်မတ် မဲစာရင်း ပြင်ဆင်ခြင်း (Special Intensive Revision – SIR) ဟု လူသိများသည့် အငြင်းပွားဖွယ်ရာ မဲစာရင်း ပြင်ဆင်မှုများကြောင့် အဓိက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင်က ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကာကွယ်ပြောဆိုခဲ့ပြီး “သဘောထား မတူညီမှုများ” သည် “ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်” ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး ဆုံးဖြတ်ချက် အားလုံးကို တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါ အချက်အလက်များ ပေါ်ထွက်လာမှုသည် အကြီးအကျယ် ဒေါသထွက်ဖွယ်ရာ ဖြစ်လာခဲ့ပြီး အတိုက်အခံ ခေါင်းဆောင်များက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကူးမား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေကြသည်။
Ref: BBC
