



နေမိုး
၅. ၁၀. ၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF များကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိမှု ယမန်နေ့က ဖြစ်ပွားခဲ့ပြန်သည်။
KNU အကြမ်းဖက်အဖွဲ့နှင့် PDF များ ပူးပေါင်းကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာနေသူများဖြစ်ကြသည့် ဦးဖုန်းမြင့်မောင်(၄၆)နှစ်၊ ဦးသိန်းဇော်(၅၃)နှစ်၊ ဒေါ်ငုဝါခိုင်(၄၈)နှစ်နှင့် မရတနာသိမ့်(၂၂)နှစ်တို့သည် ဝဲကြီးကျေးရွာမှ ဖြူးမြို့သို့ မော်တော်ယာဉ် တစ်စီးဖြင့် ထွက်ခွာလာစဉ် ဝဲကြီးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ ဇောင်းလျားခုံကျေးရွာအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ ခရီးသွားပြည်သူ လေးဦးအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ KNU နှင့် PDF အဖွဲ့ဝင်များအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
