သက်တံ့
၅. ၁၀. ၂၀၂၆
ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် သွားလာရေးကို လွယ်ကူချောမွေ့စေရန်၊ ကုန်သွယ်ရေး မြှင့်တင်ရန်နှင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်အတွက် ချရေး သွမ် – ခန်းဘင်း (Chrey Thom-Khanh Binh) နယ်စပ်ဂိတ်ကို နိုင်ငံတကာ နယ်စပ်ဂိတ်အဖြစ်သို့ တရားဝင် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ကန်ဒါလ် (Kandal) ပြည်နယ်ရှိ ချရေး သွမ် နိုင်ငံတကာ နယ်စပ်ဂိတ်၏ မျက်နှာချင်းဆိုင် ဗီယက်နမ်နိုင်ငံဘက်ခြမ်း ခန်းဘင်း နိုင်ငံတကာ နယ်စပ်ဂိတ်၌ ဖွင့်ပွဲအခမ်းအနားကို ကန်ဒါလ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ၊ အန်းဂျန်း (An Giang) ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စနေနေ့တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကန်ဒါလ်ပြည်နယ် အုပ်ချုပ်ရေးမှူး ကွချ် ချမ်ရိုးအွန် (Kuoch Chamroeun) နှင့် အန်းဂျန်းပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ ဟိုဗန်မွန်း (Ho Van Mung) တို့ ဦးဆောင်ခဲ့ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နယ်စပ်ဂိတ်ကို အဆင့်မြှင့်တင်၍ တရားဝင် ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သမိုင်းဝင် တိုးတက်မှုအတွက် နောက်ထပ် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကန်ဒါလ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
“ဒီနယ်စပ်ဂိတ် ဖွင့်လှစ်လိုက်တာဟာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံကြား ချိတ်ဆက်မှုကို ပိုမိုအားကောင်းစေပြီး နယ်စပ်ဒေသတစ်လျှောက် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေးတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်မယ့် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု နိုင်ငံတကာ နယ်စပ်ဂိတ်သည် ကန်ဒါလ်ပြည်နယ်နှင့် အန်းဂျန်းပြည်နယ်တို့အကြား သာမက နှစ်နိုင်ငံအကြား ကုန်စည် တင်သွင်း/တင်ပို့မှု ထိရောက်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံသားများအပြင် နိုင်ငံတကာ ခရီးသွားများ သွားလာရေးကိုပါ ပိုမိုလွယ်ကူ စေမည်ဖြစ်သည်။
ထို့အပြင် နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်ဖြစ်သလို နယ်စပ်ဒေသများကို ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေး စိမ်းလန်းစိုပြည်သည့် အသိုက်အဝန်းများအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါရှိသည်။
နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ တိုးမြှင့်သွားရန် အစိုးရနှစ်ရပ်စလုံးက ထပ်မံကတိပြုထားကြသည်။
အခြေခံအဆောက်အအုံ ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ပြုပြင်ကုသမှု စနစ်တကျ ဖြစ်လာခြင်းနှင့် ကမ္ဘောဒီးယား ထုတ်ကုန်အချို့အတွက် အထူးအခွန်ကင်းလွတ်ခွင့် သဘောတူညီချက်များကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကောင်းမွန်တိုးတက်လျက် ရှိသည်။
ကမ္ဘောဒီးယား အကောက်ခွန်နှင့် ယစ်မျိုး ဦးစီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ထိုကာလအတွင်း ဗီယက်နမ်သည် တရုတ်နှင့် အမေရိကန်ပြီးလျှင် ကမ္ဘောဒီးယား၏ တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့သည်။
ကမ္ဘောဒီးယားက ဗီယက်နမ်သို့ အဓိက တင်ပို့သည့် ပို့ကုန်များတွင် စပါး၊ ရာဘာ၊ သီဟိုဠ်စေ့၊ ပလောပီနံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ သရက်သီးနှင့် ဆေးရွက်ကြီးတို့ ပါဝင်ပြီး ဗီယက်နမ်ထံမှ တင်သွင်းသည့် ကုန်စည်များတွင် ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ပစ္စည်းများ၊ စက်သုံးဆီ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် သစ်သီးဝလံများ ပါဝင်သည်။
အဆိုပါ ကိန်းဂဏန်းများက ဒေသတွင်း ဈေးကွက်များသို့ စိုက်ပျိုးရေး ထုတ်ကုန်များ ပံ့ပိုးပေးရာတွင် ကမ္ဘောဒီးယား၏ အခန်းကဏ္ဍ မြင့်မားလာမှုကို မီးမောင်းထိုးပြနေပြီး တစ်ဖက်တွင်လည်း ဗီယက်နမ်မှ တင်သွင်းကုန်များသည် ကမ္ဘောဒီးယား၏ စက်မှုထုတ်လုပ်ရေးနှင့် စားသုံးသူ လိုအပ်ချက်များအတွက် ဆက်လက် အရေးပါနေဆဲ ဖြစ်သည်။
ကမ္ဘောဒီးယား ကုန်သည်စက်မှုသင်းဂျူပ် ဒုတိယဥက္ကဋ္ဌ လင်းဟင်း (Lim Heng) က နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာခြင်းသည် အစိုးရနှစ်ရပ်နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍများအကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
“နယ်စပ်ဂိတ် လုပ်ငန်းစဉ်တွေကို အဆင့်မြှင့်တင်တာ၊ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေး သဘောတူညီချက်တွေ ဖော်ဆောင်တာနဲ့ ဒေသတွင်း သယ်ယူပို့ဆောင်ရေးအပြင် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုတွေကို မြှင့်တင်တာတွေက ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကြား စီးပွားရေး ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေပါတယ်” ဟု လင်းဟင်း က ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများလည်း ကျယ်ပြန့်လာခဲ့သည်။ ဗီယက်နမ် သံရုံး၏ အချက်အလက်များအရ လက်ရှိတွင် ကမ္ဘောဒီးယား၌ စာရင်းမှတ်ပုံတင်ထားသည့် စုစုပေါင်း အရင်းအနှီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံနီးပါးရှိသော ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၂၂၃ ခု ရှိသည်။
ဗီယက်နမ် ကုမ္ပဏီများသည် စိုက်ပျိုးရေး (အထူးသဖြင့် အကြီးစား စိုက်ပျိုးရေး)၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ လေကြောင်း၊ ပြုပြင်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် လုပ်ကိုင်လျက် ရှိကြသည်။
ထိုအခြေအနေများသည် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ သီးခြား စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ကောင်းမွန်သော အနေအထားတွင် ရှိကြောင်း ဗီယက်နမ်သံအမတ်ကြီး ငုယင်မင်းဗူး (Nguyen Minh Vu) က ပြောကြားခဲ့ဖူးသည်။ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း ကောင်းမွန်စေရေးအတွက် သံရုံးနှင့် ပုဂ္ဂလိကကဏ္ဍတို့အနေဖြင့် ကုမ္ပဏီများ၏ အဆိုပြုချက်များကို အစိုးရနှစ်ရပ်ထံ ဆက်လက် တင်ပြပေးသွားမည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
မကြာသေးမီက နယ်စပ်ဂိတ် တိုးချဲ့ဖွင့်လှစ်မှုသည် အသစ်ခန့်အပ်လိုက်သော ဗီယက်နမ် ဝန်ကြီးချုပ် လီမင်းဟောင် (Le Minh Hung) ၏ အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ပြုလုပ်မည့် ကမ္ဘောဒီးယား တရားဝင် ခရီးစဉ်မတိုင်မီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်ကို စက်တင်ဘာလ ၂၈ ရက်နေ့က ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နစ်ဆာဗိုးအန်း (Neth Savoeun) နှင့် ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ငုယင်မန်ခူအွန် (Nguyen Manh Cuong) တို့ တွေ့ဆုံစဉ် ပထမဆုံး ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးချုပ် ခူအွန် က ယခုခရီးစဉ်သည် ဝန်ကြီးချုပ် လီမင်းဟောင် ၏ ပထမဆုံးသော ပြည်ပ တရားဝင်ခရီးစဉ်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးအပေါ် ဗီယက်နမ်၏ လေးနက်သော ကတိကဝတ်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
Ref: Khmer Times
