



သက်တံ့
၅. ၁၀. ၂၀၂၆
မုံရွာ-မန္တလေးလမ်းပေါ် ယာဥ်နှစ်စီးတိုက်မိရာမှ ဆယ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရမှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနှင့် ကုန်းကျေးရွာအနီး၊ မုံရွာ-မန္တလေးကားလမ်းတွင် ယာဉ်(၂)စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းစခန်းမှ သူနာတင်ယာဉ်(၁)စီး၊ ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ အိုးဘိုလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၂)စီး၊ ပညာမောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းသားများ၊ လူမှုကူညီရေးအသင်းသားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။





“ခွေးဘီလူးနဲ့ ခြောက်ဘီး ဘောက်စ်ကား ခေါင်းချင်းဆိုင် တိုက်မိတာပါ။ ခွေးဘီလူးမှာက ခေါင်းခန်းမှာ အမျိုးသားနှစ်ယောက်လိုက်လာပြီး နောက်ခန်းက အမျိုးသမီးတွေပါလာတာ။ ရပ်ထားတဲ့ ဘောက်စ်ကားကို ခွေးဘီလူးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်လိုက်တာလို့ မြင်တဲ့သူတွေပြောလို့ သိရပါတယ်။ ခေါင်းခန်းက အမျိုးသားနှစ်ယောက်နဲ့ နောက်ခန်းက အမျိုးသမီးရှစ်ယောက် ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးသုံးယောက်ကလည်း စိုးရိမ်ရတယ်။ သူတို့က မြောင်ကနေ မန္တလေးသွားကြတာလို့လည်း သိရတယ်”ဟု ဖြစ်စဥ်ကို ကူညီခဲ့သူတစ်ဦးက ယင်းသိရှိရသည့်အခြေအနေက်ု MT News သို့ မျှဝေသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိပြီး နေရာတွင်ပင် သေဆုံးသွားသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး သုံးဦးတို့အား စစ်ကိုင်းမြို့နယ် ခုတင်(၃၀၀) ပြည်သူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်းနှင့် ယာဥ်တိုက်မှုဖြစ်စဥ်အပေါ် တာဝန်ရှိသူများက လိုအပ်သလို အရေးယူဆောင်ရွက်ရန် အသေးစိတ်ဖြစ်စဥ်ကို ဆက်လက် စိစစ်နေကြောင်း သိရသည်။
(ဓာတ်ပုံံ – မီးသတ်ဦးစီးဌာန၊ ထုံးဘိုပရဟိတအဖွဲ့)
