သတိုး
၅. ၁၀. ၂၀၂၆
“တိုင်းပြည် တည်ငြိမ်အေးချမ်းရေး” နှင့် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”တို့ကို ဦးစားပေး ရည်မှန်းချက်နှစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဖော်ဆောင်နေချိန်တွင် အသိဉာဏ်ပညာ ဆင်ခြင်တုံတရားမြင့်မားပြီး ငြိမ်းချမ်းရေးအခြေခံအသိရှိသော ဆရာ ဆရာမများနှင့် ကျောင်းသား လူငယ်များသည် နိုင်ငံ့အတွက် စွမ်းအားမြင့်သည့် အားအင်တစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
စာသင်ခန်းများသည် နိုင်ငံ၏အနာဂတ်ကို ထုဆစ်ပုံဖော်ရာနေရာများဖြစ်ပြီး ဆရာများသည် နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးသည့် ရှေ့ဆောင်လမ်းပြများဖြစ်သည်။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်နေသဘောထားကောင်းမွန်မှန်ကန်ပြီး ဆရာကျင့်ဝတ်နှင့် ပြည့်စုံသည့် ဆရာကောင်း၊ ဆရာမွန်များစွာလိုအပ်ပါသည်ဟုလည်း နိုင်ငံတော်သမ္မတက သဝဏ်လွှာမှတစ်ဆင့် ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ၂၁ ရာစု ပညာခေတ်တွင် သိပ္ပံနှင့်နည်းပညာ ပြိုင်ဆိုင်မှုအားကောင်းလာသည့် ယနေ့ကမ္ဘာ့အခင်းအကျင်းနှင့် လိုက်လျောညီထွေပါဝင်နိုင်ရန်၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့်အတန်းတစ်ခု ဖြစ်ပေါ်လာစေရန် ဆရာများ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများကို တန်းတူညီမျှမြှင့်တင်ပေးလျက် ရှိသည်။ ပညာရေးကို မြှင့်တင်ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသာယာဝပြောရေးအတွက် ခိုင်မာစွာအုတ်မြစ်ချခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဆရာများ၏အသံကို အလေးထားပြီး ဆရာများ၏ လူမှုဘဝ အဆင်ပြေ ကောင်းမွန်စေရေးနှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးအတွက်လည်း စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် ဒီဂျစ်တယ်စွမ်းရည်များ၊ သုတေသန အခြေပြု သင်ကြားနည်းများ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားရေးအတွက် အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေး လျက်ရှိသည်။
ယင်းအပြင် နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် ဘဏ္ဍာငွေကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံပြီး အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာနှင့် သုတေသနစသည့် ကဏ္ဍစုံဟန်ချက်ညီဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံအတွင်း အကြားအလပ်မရှိ အပြည့်အဝရရှိခံစားနိုင်ရန် အခြေခံပညာကဏ္ဍတွင် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ပေးလျက်ရှိသည်။ ကျောင်းသားလူငယ်များကို တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဟု ယုံကြည်ခံယူထားပြီး အခြေခံပညာကျောင်းများကို Smart School များဖြစ်စေရေး၊ တက္ကသိုလ် ကောလိပ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်ဝသည့် သင်ယူမှုဝန်းကျင်ကောင်းများဖြစ်စေရေး အားပေးမြှင့်တင်သွားမည် ဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့အတူ ဆရာများအား လစာအပြင် ပညာအရည်အချင်းအလိုက် ခံစားခွင့်များ ထပ်ဆောင်းချီးမြှင့်ခြင်း၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ် ထောက်ပံ့ပေးခြင်း၊ ပြည်တွင်း ပြည်ပပညာသင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ ထူးချွန်ထက်မြက်သည့် ပညာရေးမိသားစုဝင် သားသမီးများအား နှစ်စဉ်ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဆရာများ၏ဂုဏ်သိက္ခာရှိမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများကို စိစစ်ရွေးချယ်ပြီး နှစ်စဉ်ဂုဏ်ပြု ချီးမြှောက်ပေးလျက်လည်း ရှိနေသည်။ ထို့ပြင် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး ဆရာ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ဆရာ့လုပ်ငန်းခွင်အခြေအနေများ သာလွန်ကောင်းမွန်လာစေရေးတို့ကိုလည်း ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယနေ့ကာလတွင် “တိုင်းပြည် တည်ငြိမ်အေးချမ်းရေး” နှင့် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”တို့ကို ဦးစားပေး ရည်မှန်းချက်နှစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဖော်ဆောင်နေချိန်တွင် အသိဉာဏ်ပညာ ဆင်ခြင်တုံတရားမြင့်မားပြီး ငြိမ်းချမ်းရေးအခြေခံအသိရှိသော ဆရာ ဆရာမများနှင့် ကျောင်းသား လူငယ်များသည် နိုင်ငံ့အတွက် စွမ်းအားမြင့်သည့် အားအင်တစ်ရပ်ဖြစ်သည်။ အမျိုးသားပညာရေးစနစ်၏ ပင်မဒေါက်တိုင်များဖြစ်သည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို သိရှိလိုက်နာပြီး အသိပညာများ လက်ဆင့်ကမ်း ဖြန့်ဝေပေးရန်လည်း တာဝန်ရှိနေသည်။ ပညာရေး၏ ရည်မှန်းချက်တစ်ခု ဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့်အတိုင်း မိမိတို့၏ တပည့်များကို စည်းကမ်းကောင်းမွန်ပြီး ဥပဒေကို လေးစားလိုက်နာ တတ်သည့် နိုင်ငံကြီးသားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း လိုအပ်သလို အမျိုးသားအကျိုးစီးပွားကို အစဉ်ရှေးရှုပြီး နိုင်ငံနှင့် ပညာရေးအပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်ရန် အရေးကြီးလှသည်ဟုလည်း သဝဏ်လွှာက ဖော်ပြသည်။
အထက်ပါ အချက်များအပြင် ဆရာ ဆရာမများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ကောင်းစွာသိရှိပြီး ပညာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ဒီမိုကရေစီကျင့်စဉ်များကို မိမိတို့ကိုယ်တိုင်သာမက ကျောင်းသားလူငယ်များပါ ကျင့်သုံးလိုက်နာနိုင်ရေး ပြုစုပျိုးထောင် ပေးကြရန်၊ အချိန်ကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းရှိပြီး ဆရာအတတ်ပညာ ပြည့်စုံကုံလုံအောင် အစဉ်လေ့လာသင်ယူကြရန်၊ အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းများ၊ ဆွေးနွေးပွဲများကိုလည်း စိတ်ဝင်တစားတက်ရောက်ပြီး ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ကျောင်းသားလူငယ်များ အနာဂတ်တွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေကို လေးစားလိုက်နာတတ်စေရေးအတွက် သွန်သင်ဆုံးမ ဗဟုသုတမျှဝေပေးနိုင်ရန် ဆရာ ဆရာမများကိုယ်တိုင် စာပေဖတ်ရှုခြင်းနှင့် ဗဟုသုတရှာမှီး လေ့လာထားရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတက အသိပေးမှာကြားသည်။
