နေမိုး
၅. ၁၀. ၂၀၂၆
မြောက်ဒဂုံမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်ကို နေ့ခင်းကြောင်တောင် အနုကြမ်းစီး ဓားဖြင့်ခုတ်၍ ဓားခုတ်ခံရသူသေဆုံးမှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း၏ ကူညီဆောင်ရွက်မှုဆိုင်ရာ သတင်းထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်နှင့် တွဲထားသောနေအိမ်တွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၆ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆိုင်အတွင်းသို့ ဝင်လာသော အမျိုးသားသုံးဦးက ဆိုင်ရှင်အမျိုးသားကို ဓားခုတ် လုယက်မှုကျူးလွန်သဖြင့် ဆိုင်ပိုင်ရှင်မှာ ဘယ်ဘက် လည်ပင်း သွေးလွှတ်ကြောပြတ်ရှဒဏ်ရာ၊ ဘယ်ဘက် ပါးစောင်၊ ဂုတ်၊ ကျောပြင်၊ ဘယ်ဘက် လက်ချောင်း၊ ညာဘက် လက်မောင်းတို့မှာ ဓားခုတ်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့ ဒဏ်ရာများမှာ သွေးထွက်လွန်နေသဖြင့် မြေပြင်ပြုစုမှုများ ပြုလုပ်ပေးပြီး ဝန်းရံမှူးလူမူကူညီကယ်ဆယ်ရေးအသင်း မြောက်ဒဂုံရုံးချုပ်မှ လူနာတင်ယာဉ် အမှတ် ၀၆ ဖြင့် မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း ဆေးရုံရောက်ရှိပြီး ၅ မိနစ်ခန့်အကြာတွင် ရရှိဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။





“အိမ်ထဲ အမျိုးသားတစ်ဦးတည်းကျန်နေချိန် အမျိုးသားသုံးဦးမှ ဝင်ရောက်၍ အနုကြမ်းဝင်စီးခဲ့ပါတယ်။ အမျိုးသားတစ်ဦးမှ အိမ်ရှေ့အပေါက်ဝမှရပ်နေ၍ ကျန်အမျိုးသားနှစ်ဦးမှ ထိုဆိုင်ရှင် အမျိုးသားတစ်ဦးအား အိမ်နောက်ဖေးတွင် ဓားဖြစ်ခုတ်ကြောင်းပြောပါသည်။ ဆိုင်ရှင်အမျိုးသမီးရောက်ရှိချိန်တွင် အိမ်ရှေ့အပေါက်ဝမှ အမျိုးသားတစ်ဦးအား မင်းဘယ်သူလဲ ဘယ်ကလဲ မေးရာတွင် အိမ်ရှေ့အပေါက်ဝမှ ရပ်နေသော် အမျိုးသားမှ ထို့အမျိုးသမီးကို ချုပ်ရာတွင် အမျိုးသမီးမှ ရုန်းကန်ရာ အမျိုးသမီးမှာ ဘယ်ဘက် ပါးအထိုးခံရ၍ ထွက်ပြေးရုန်းကန်ခဲ့ပြီး ဘေးပတ်ဝန်းအကူညီတောင်းနေစဉ် ထို အမျိုးသားသုံးဦးမှ ထွက်ပြေးသွားခဲ့ပါသည်။”ဟု ဝန်းရံမှူး လူမှုကူညီရေးအသင်းက ဆိုသည်။
အဆိုပါဖြစ်စဥ်အပေါ် တာဝန်ရှိသူများက ကျူးလွန်တရားခံများ ဖမ်းမိရေးနှင့် ပါဆုံး ပစ္စည်းများ စိစစ်နေကြောင်း သိရသည်။
ဓာတ်ပုံ – ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း
