




၅.၁၀.၂၀၂၆
Photo by Linn Eain
ရန်ကုန်မြို့တွင် ယခင်ရက်များက စတင်၍ နေ့အပူချိန်သိသိသာသာ ပူပြင်းလာသည်ကို ခံစားနေရသည်ဖြစ်ရာ ယင်းဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် တွေ့ကြုံနေရသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆိုရမည်ဖြစ်သည်။
အဆိုပါ အယ်လ်နီညို အားအလွန်ကောင်းလာမှုနှင့်အတူ ရန်ကုန်မြို့အတွင်း နေ့စဉ်လှုပ်ရှားသွားလာလျက်ရှိသည့် မြင်ကွင်းများကို စက်တင်ဘာ ၅ ရက်၊ နေ့လယ်ခင်းတွင် မြင်တွေ့ရခြင်းဖြစ်ပါသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီ ကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
