သက်တံ့
၅. ၁၀. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် တောင်ပိုင်းတွင် တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ပြုလုပ်သည့် ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ တစ်ခုအတွင်း အဆက်မပြတ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဥပဒေထိန်းသိမ်းရေး အရာရှိများက ပြောကြားခဲ့သည်။
ဗီယန်နာ (Vienna) မြို့အတွင်း လူ ၁,၀၀၀ ကျော် စုဝေးနေသည့် နေရာ၌ အနည်းဆုံး နေရာနှစ်ခုတွင် တစ်ဘလောက်ခန့် ကွာဝေးသောနေရာမှ အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒူလီခရိုင် (Dooly County) ရဲမှူး ခရိုက်ဂ် ပီးဗီး (Craig Peavy) က WMAZ-TV သို့ ပြောကြားခဲ့သည်။
ရဲအရာရှိ ပီးဗီး က လူများသည် “အရပ်မျက်နှာပေါင်းစုံသို့ ဦးတည်ပြေးလွှားနေကြကြောင်း” နှင့် ရဲအရာရှိများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေချိန်တွင်ပင် တစ်ဘလောက်ခန့် အကွာအဝေး၌ နောက်ထပ် သေနတ်သံများ ထွက်ပေါ်လာခဲ့ကြောင်း ပြောသည်။
“ငါတို့ဆီကို ပစ်တာလား၊ တခြားသူကို ပစ်တာလားဆိုတာတောင် မသိရပါဘူး။ လုပ်စရာရှိတာကို ဆက်လုပ်ရင်း သေနတ်ကျည် မမှန်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်သည် ဒူလီခရိုင် အထက်တန်းကျောင်း၏ ကျောင်းသားဟောင်းများ ပြန်လည်ဆုံဆည်းသည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုပစ်ခတ်မှုဖြစ်ပွားသည့်ပွဲမှာ ကျောင်းက ဦးစီးကျင်းပသည့် ပွဲတစ်ခု မဟုတ်ကြောင်း ဒူလီခရိုင် ကျောင်းများဆိုင်ရာ အုပ်ချုပ်ရေးမှူး ရှာရော့ဒ် ဝီလာဖို့ဒ် (Sherrod Willaford) က ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဒီဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုဟာ ကျောင်းသားတွေ၊ မိသားစုတွေနဲ့ ဝန်ထမ်းတွေအပေါ် ရောက်ရှိသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ တနင်္လာနေ့မှာ ကျောင်းတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်သွားမှာ ဖြစ်ပေမဲ့ အပိုဆောင်း လုံခြုံရေး အစီအမံတွေကို ထည့်သွင်းထားပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် လုံခြုံရေး အစီအမံ အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
တနင်္ဂနွေနေ့ နံနက် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ဗီယန်နာမြို့ရှိ ရပ်ကွက်အလိုက် ကျင်းပသည့် ပျော်ပွဲရွှင်ပွဲပါတီပွဲတစ်ခုသို့ ဒူလီခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်များ ကင်းလှည့်နေစဉ် သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို (GBI) က ထုတ်ပြန်ထားသည်။
ဗီယန်နာမြို့သည် အတ္တလန်တာ (Atlanta) မြို့၏ တောင်ဘက် မိုင် ၁၃၀ (ကီလိုမီတာ ၂၁၀ ခန့်) အကွာတွင် တည်ရှိပြီး မေကွန် (Macon) မြို့၏ တောင်ဘက် အဝေးပြေးလမ်းကြောင်း အမှတ် ၇၅ အတိုင်း မိုင် ၅၀ (ကီလိုမီတာ ၈၀ ခန့်) အကွာတွင် တည်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း မေကွန်မြို့ရှိ ပန်းခြံတစ်ခုတွင် ပြုလုပ်သော မွေးနေ့ပါတီပွဲ၌ ခိုက်ရန်ဖြစ်ပွားရာမှ လူငယ် ၁၂ ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သေးသည်။
ယခုဖြစ်စဉ်တွင်လည်း အခင်းဖြစ်ပွားရာနေရာတွင် လူနှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အခြားလူအများအပြားလည်း သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း အရာရှိများက ပြောသည်။ ဒဏ်ရာရရှိသူ ၃၅ ဦးအနက် မည်မျှမှာ သေနတ်ဒဏ်ရာ ရရှိထားသည် သို့မဟုတ် ဒဏ်ရာများ၏ စိုးရိမ်ရသည့် အခြေအနေ အသေးစိတ်ကို ရဲတပ်ဖွဲ့က အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသမှုပေးနိုင်ရန် ဆေးရုံအသီးသီးသို့ ပို့ဆောင်ထားကြောင်း GBI က ပြောကြားသည်။
ဒူလီခရိုင် မှုခင်းဆရာဝန် ဘရက်တ် ဝေါလ်စ် (Brett Walls) က အသက် ၂၀ နှင့် ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာ သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
အခြားလူအများအပြားလည်း သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာ “အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်” ကောင်းကြောင်း ၎င်းက ဆိုသည်။
မစ္စတာ ဝေါလ်စ် က Atlanta Journal-Constitution သတင်းစာသို့ ပြောကြားရာတွင် လူအများအပြားမှာ သေနတ်ကျည်ဆန် ထိမှန်ခဲ့ကြပြီး အခြား ၁၂ ဦးခန့်မှာမူ ထိတ်လန့်တကြား ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းစဉ် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီလို မြို့ငယ်လေးမှာ ဒါမျိုး မဖြစ်သင့်ဘူး၊ မဖြစ်လည်း မဖြစ်ရဘူး။ ဒါမျိုးက မြို့ကြီးတွေရဲ့ သတင်းတွေမှာပဲ ကြားဖူးတာပါ” ဟု ဝေါလ်စ်က သတင်းစာသို့ ပြောကြားခဲ့ပြီး ဆေးရုံများတွင်လည်း ဒဏ်ရာရရှိသူများနှင့် ပြည့်နှက်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ “မြို့ကြီးတွေမှာတောင် ဒီလောက်များပြားတဲ့ ပမာဏမျိုး မကြားရပါဘူး” ဟု ဆိုသည်။
သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ/မရှိ သို့မဟုတ် လိုက်လံရှာဖွေနေခြင်း ရှိ/မရှိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဗီယန်နာမြို့တော်ဝန် အက်ဒီ ဒဲနီယယ်လ်စ် (Eddie Daniels) က ပစ်ခတ်မှုမှာ ၎င်း၏အိမ်နှင့် တစ်ဘလောက်ခန့်သာ ကွာဝေးပြီး “ရဲကားမီးနီတွေကို အများကြီး တွေ့ခဲ့ရတယ်” ဟု ပြောသည်။ ဒဲနီယယ်လ်စ် က ၎င်းအနေဖြင့် ဥပဒေထိန်းသိမ်းရေး အရာရှိများနှင့် စကားမပြောရသေးသဖြင့် ဘာဖြစ်ခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကို မသိရှိရသေးကြောင်း ပြောသည်။
မြို့တော်ဝန်၏ ပြောကြားချက်အရ အဆိုပါ ပါတီပွဲအတွက် မြို့နယ်မှ မည်သည့်ခွင့်ပြုမိန့်မျှ ထုတ်ပေးထားခြင်း မရှိသလို ယင်းပွဲမှာ ကျောင်းသားဟောင်းများ ပြန်လည်ဆုံဆည်းပွဲ ဟုတ်/မဟုတ်ကိုလည်း မသိရှိကြောင်း ဆိုသည်။
ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို (GBI) ၏ ပြောရေးဆိုခွင့်ရှိသူ လီဒီယာ ဘူးလတ်ဒ် (Lydia Bullard) ကမူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
Ref: AP
