သတိုး
၅. ၉. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်သို့ ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့က ခရီးဦးကြိုပြုကာ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် အလေးပြုခံစင်မြင့်နေရာသို့ သွားရောက်နေရာယူပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူခဲ့သလို နိုင်ငံတော်သမ္မတနှစ်ဦးက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားသူရဲကောင်း အာဇာနည်များဗိမာန်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းအား လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားကို ဂုဏ်ပြုတက်ရောက် အလေးပြုခဲ့ကြောင်း သိရသည်။







