၅.၉.၂၀၂၆
Translated by Htwe Ko Tun
ဒုတိယသမ္မတ ဆာရာ ဒူတာတေးသည် ပြင်းထန်သောခြိမ်းခြောက်မှု သုံးကြိမ်ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရခြင်းတို့အကြားတွင် သူမ၏ အသက်အန္တရာယ်အတွက် စိုးရိမ်မိကြောင်း စက်တင်ဘာလ ၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့နံနက်က ကွီဇုံမြို့တရားရေးခန်းမသို့ရောက်ရှိစဉ် ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ ဒူတာတေးက “၂၀၂၃ ခုနှစ်ကတည်းက ခြိမ်းခြောက်မှုတွေနဲ့ နှောင့်ယှက်မှုတွေကို ကျွန်မမှတ်တမ်းတင်ခဲ့ပါတယ်။ ကျွန်မရဲ့ကလေးတွေအတွက် စိုးရိမ်မိပါတယ်။” ဟု ဖော်ပြ ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တရားရုံးတစ်ရုံးက ဒုတိယသမ္မတ ဆာရာဒူတာတေးအား သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းတို့အား ခြိမ်းခြောက်မှုဖြင့် စွပ်စွဲသည့် ရာဇဝတ်မှုတစ်ခုနှင့် ဆက်စပ်၍ ဖမ်းဆီးရန် စက်တင်ဘာလ ၄ ရက်တွင် ဝရမ်းထုတ်ပြန်၍ အမိန့်ပေးခဲ့သည်။
တရားရုံးအမိန့်အရ ဒူတာတေးအား ခြိမ်းခြောက်မှု စွဲချက်သုံးခုပါဝင်သည့် အမှုတွင် ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်ခဲ့ပြီး စွဲချက်တစ်ခုစီအတွက် အာမခံငွေ ပီဆို ၁၂၀,၀၀၀ (ဒေါ်လာ ၁,၉၀၀) သတ်မှတ်ခဲ့သည်။
“တရားစီရင်ပိုင်ခွင့်နှင့်ပတ်သက်သည့် မေးခွန်း မည်သို့ပင်ရှိစေကာမူ သူမသည် ဥပဒေကို ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိဘဲ သူမ၏ တရားဥပဒေဆိုင်ရာ ကုစားနည်းအားလုံးကို ဆက်လက်ကျင့်သုံးသွားပါမည်” ဟု ဒူတာတေး၏ ရှေ့နေက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ယင်းအမှုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် သူမက လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့် စကားပြောခဲ့ပြီး အကယ်၍ သူမအသတ်ခံခဲ့ရပါက သမ္မတမားကို့စ်၊ ၎င်း၏ဇနီးနှင့် ထိုအချိန်က ဖိလစ်ပိုင်အောက်လွှတ်တော် ဥက္ကဋ္ဌ မားကို့စ်၏ဝမ်းကွဲအစ်ကိုဖြစ်သူတို့အား သတ်ရန် ညွှန်ကြားခဲ့ကြောင်း ဒူတာတေး၏ မှတ်ချက်များမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သိုသော် ဆာရာ ဒူတာတေးက သူမသည် ၎င်းတို့အား ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
သမ္မတနှင့် မိသားစုကို သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်ဆိုမှုများက ဒူတာတေးအား ရာထူးမှဖယ်ရှားနိုင်ရေးအတွက် စွဲချက်တင်ပြီး တရားရုံးအဖြစ် အထက်လွှတ်တော်တွင် စစ်ဆေးနေမှုတွင် ပါဝင်သည်။ ထိုအမှုတွင် ပြစ်ဒဏ်ချမှတ်ခံရပါက သူမအား ဒုတိယသမ္မတ ရာထူးမှ ဖယ်ရှားနိုင်ပြီး ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဆာရာ ဒူတာတေး၏ ပါဝင်ယှဉ်ပြိုင်နိုင်မှုကို လွဲချော်စေမည်ဖြစ်သည်။
ဒူတာတေးသည် ဒုတိယသမ္မတနှင့် ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အစိုးရ ရန်ပုံငွေများကို အလွဲသုံးစားပြုမှုဖြင့်လည်း စွပ်စွဲခံထားရသည်။ သူမကမူ မည်သည့်အမှားအယွင်းကိုမျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။
Ref; Reuters
