သတိုး
၅. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးသည် ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်၌ ဂုဏ်ပြု လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်၊ ဘားဒင်းစကွဲယား (Ba Dinh Square) အနီးတွင် တည်ရှိသော ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်၌ (Memorial to the Heroic Martyrs) သည် ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ချစ်ကြည်ရေးခရီးစဉ်များတွင် အဓိက အမှတ်တရအဖြစ် ပါဝင်လျက်ရှိသည်။
အဆိုပါ ဗိမာန်သည် ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အမျိုးသားကာကွယ်ရေးတိုက်ပွဲများတွင် သက်စွန့်ကြိုးပမ်း စေတနာ့ဝန်ထမ်း စွန့်လွှတ်စွန့်စားခဲ့ကြသည့် ရဲဘော်များ၊ သမိုင်းဝင် သူရဲကောင်းများ၏ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ကြသည့် နိုင်ငံအသီးသီးမှ ရာထူးကြီးမားသော နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် သံတမန်များသည် ခရီးစဉ်တွင် အဆိုပါဗိမာန်သို့ သွားရောက်၍ လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ကြသူများအား ဂါရဝပြု ပန်းခွေချ အလေးပြုကြသည်။
ယင်းဗိမာန်သည် ဗီယက်နမ်၏ တည်ထောင်သူ ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဂူဗိမာန် (Ho Chi Minh Mausoleum) ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသဖြင့် အခမ်းအနားများ ပြုလုပ်ရာ၌ အချက်အချာကျသောနေရာ ဖြစ်သလို သမိုင်းဝင် တန်းဖိုးကြီးမားသည့် အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံတကာ သံတမန်ဆက်ဆံရေး၏ ချစ်ကြည်ရေးနှင့် လေးစားမှုကို ဖော်ပြရာ သင်္ကေတတစ်ခုလည်း ဖြစ်သည်။
