သတိုး
၄. ၉. ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ယနေ့ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ Viettel Group သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း လာရောက်မြှုပ်နှံထားသည့် Viettel သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာရာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် Viettel Group မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား ဂုဏ်ပြုကြိုဆိုခဲ့သလို ဗီယက်နမ်နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၁ ခုတွင် ဖြန့်ကျက်ထားသော လုပ်ငန်းစု၏ စီးပွားရေးမြှုပ်နှံမှုများနှင့် အနာဂတ် အလားအလာများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံပိုင်လုပ်ငန်းစုကြီးဖြစ်ပြီး ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တည်ရှိသော Viettel Military Industry and Telecoms Group (Viettel) သည် ကမ္ဘာ့အဆင့်မီ နည်းပညာနှင့် ဆက်သွယ်ရေး လုပ်ငန်းစုကြီးတစ်ခုအဖြစ် ရပ်တည်နေပြီး အာရှ၊ အာဖရိကနှင့် အမေရိကတိုက်များရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် သုံးစွဲသူ သန်း ၂၇၀ ကျော်အား ဒီဂျစ်တယ် အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေပြီး ပီရူး (Bitel)၊ ကမ္ဘောဒီးယား (Metfone)၊ လာအို (Unitel)၊ တီမောလက်စ်တေ (Telemor)၊ ဟေတီ (Natcom)၊ ဘူရွန်ဒီ (Lumitel)၊ ကင်မရွန်း (Nexttel)၊ မိုဇမ်ဘစ် (Movitel)၊ တန်ဇန်းနီးယား (Halotel) နှင့် မြန်မာ (Mytel) အပါအဝင် ပြည်ပဈေးကွက်များတွင် ထိပ်တန်းဆက်သွယ်ရေး ကွန်ရက်တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နေသည်။
Viettel ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် အကြီးမားဆုံးတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် Mytel အမည်ဖြင့် ၂၀၁၈ ခုနှစ်တွင် တရားဝင်ဝန်ဆောင်မှုများ စတင်ခဲ့ပြီး Mytel ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ရှိခဲ့သည်။ အဆိုပါ မြှုပ်နှံမှုတွင် Viettel Global က ၄၉ ရာခိုင်နှုန်း အီလက်ထရွန်နစ် ပိုက်ဆံအိတ်နှင့် MyID စသည့် ဒီဂျစ်တယ် ဝန်ဆောင်မှုများကိုပါ တိုးချဲ့ခဲ့ပြီး၊ စတင်ပြီး ၅ နှစ်တာကာလအတွင်း စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ထုတ်ဖော်နိုင်ခဲ့ကာ Viettel ၏ ပြည်ပဈေးကွက်များအနက် ဝင်ငွေအရင်းအမြစ် အများဆုံးရရှိရာ ဈေးကွက်တစ်ခု ဖြစ်လာခဲ့ပြီး Viettel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်ကဏ္ဍတွင် အရေးပါသော အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးထားသည့် ပြည်ပရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်တည်ရှိနေသည်။
