၄.၉.၂၀၂၆
Written by Linn Eain
အမျိုးသားလူသစ် သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအား သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့် စက်တင်ဘာ ၁၅ ရက်ကစတင်ပြီး ခွင့်ပြုမည်မဟုတ်၊ ပြည်ပထွက်ခွာရန်ရှိပါက PS အမျိုးအစားမှ PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် အလည်အပတ်ထွက်စာရယူပြီး ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာရာတွင် ပြည်ပကုမ္ပဏီနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင်မရှိသည့် ကုမ္ပဏီများ၊ ကြားခံလူပုဂ္ဂိုလ်များ၊ ပွဲစားများမှ သင်္ဘောသားများကို တရားမဝင်စေလွှတ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ တရားမဝင်စေလွှတ်နေမှုကြောင့် သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင်များသို့ ရောက်ရှိသွားခြင်း၊ ဌာနမှ ခွင့်ပြုထားခြင်းမရှိသော ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်း၊ ပြည်ပကုမ္ပဏီနှင့် ခိုင်မာသောစာချုပ်စာတမ်းများ ချုပ်ဆိုမှုမရှိဘဲ ကုမ္ပဏီများ၊ ကြားခံ လူပုဂ္ဂိုလ်များ၊ ပွဲစားများ၏ ဆက်သွယ်စေလွှတ်ခြင်းကြောင့် ရသင့်ရထိုက်သော လစာနှုန်းများမရရှိခြင်း၊ လစာများဆုံးရှုံးခဲ့ခြင်းနှင့် တရားမဝင်မှောင်ခိုပစ္စည်း တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရခြင်းကြောင့် ပြည်ပ၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့ ဖြစ်ပွားနေကြောင်း သင်္ဘောသားဌာနခွဲက ထုတ်ပြန်ထားသည်။
ထို့ပြင် အာမခံမရှိသော သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များအတိုင်း မပြည့်မီခြင်း၊ တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာ ဆောင်ရွက်မပေးနိုင်ခြင်း၊ ထွက်ခွာခဲ့သည့်သင်္ဘောနှင့် တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောမတူညီသည့်အတွက် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက်မရရှိခြင်းနှင့် သင်တန်းတက်ရောက်ခွင့် မရရှိခြင်းတို့လည်း ဖြစ်ပွားနေကြောင်း သိရသည်။
ဆက်လက်၍ ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူခြင်းမရှိဘဲ ရုံးခန်းဖွင့်လှစ်၍ Social Media များမှတစ်ဆင့် လူသစ်များစုဆောင်းခေါ်ယူ စေလွှတ်နေသူများအတွက် တရားမဝင် ထွက်ခွာခွင့်ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးလိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက်လိမ်လည် ရယူခြင်း၊ သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသော သင်တန်းများတက်ရောက် ပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများ စသည့်ကိစ္စရပ်များ ဖြစ်ပေါ်လျှက်ရှိခြင်းတို့ကြောင့် ဌာနအနေဖြင့် အမျိုးသားလူသစ် သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအား သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်အား စက်တင်ဘာ ၁၅ ရက်ကစတင်၍ ခွင့်ပြုမည်မဟုတ်ဘဲ ပြည်ပသို့ထွက်ခွာရန်ရှိပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၌ PS အမျိုးအစားမှ PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။


