၄.၉.၂၀၂၆
Written by Linn Eain
ငမိုးရိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် စိုးရိမ်ရေမှတ်အခြေအနေ၊ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုနှင့် တမံကြံ့ခိုင်မှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် စက်တင်ဘာ ၄ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်သည် လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ မူလငမိုးရိပ်ရေလှောင်တမံကို သွားရောက်ပြီးနောက် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၇) လမ်းမကြီးရှိ ငမိုးရိပ်ရေထိန်းတံခါးသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ဖောင်ကြီးကျေးရွာအနီးရှိ မူလငမိုးရိပ်ရေလှောင်တမံသို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှုနှင့် စိုးရိမ်ရေမှတ်အခြေအနေ၊ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုနှင့် တမံကြံ့ခိုင်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးသို့ ရောက်ရှိကာ ရေတံခါးများ ဖွင့်လှစ်/ပိတ်ပင် ဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တင်ပြချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာထူးမောင်က ရေလှောင်တမံနှင့် ရေထိန်းတံခါးများ ရေရှည်ကြံ့ခိုင်ကောင်းမွန်ရေးအတွက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် အမြဲမပြတ် စောင့်ကြည့်စစ်ဆေးရန်နှင့် ဒေသခံတောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
