သတိုး
၄. ၉. ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဟိုင်ဖောင်မြို့ရှိ VIN Group ၏ ကားထုတ်လုပ်ရေးစက်ရုံရှိရာ VinFast သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက VIN Group ၏ အောင်မြင်မှုများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဥ်လာရောက်ခြင်းမှာ စီးပွားရေးကဏ္ဍမြှင့်တင်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင်ပြီး VIN Group နှင့် VinFast သို့ လာရောက်လေ့လာခြင်းမှာလည်း စီးပွားရေးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သလို VIN Group သည် ဗီယက်နမ်အမျိုးသားပိုင်ကော်ပိုရေးရှင်းအဖြစ် ရပ်တည်နေသည့်အပေါ် ဂုဏ်ယူကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးဖြစ်သည့် VinGroup သည် နိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော VinFast ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဟိုင်ဖောင် (Hai Phong) မြို့၊ Cat Hai ခရိုင်ရှိ ဟက်တာ ၃၃၅ အကျယ်အဝန်းရှိ ပင်မစက်ရုံကြီးတွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ၂၁ လအတွင်း စက်ရုံ တည်ဆောက်ရေးကို အပြီးသတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် Paris Motor Show တွင် Lux မော်ဒယ်များကို ကမ္ဘာသို့ စတင်မိတ်ဆက်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဓာတ်ဆီသုံး ကားများကို စတင်ရောင်းချခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ပထမဆုံး လျှပ်စစ်ကား VF e34 ကို မိတ်ဆက်ကာ လျှပ်စစ်ကား (EV) ထုတ်လုပ်မှုလမ်းကြောင်းသို့ စတင်ကူးပြောင်းခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ဓာတ်ဆီကား ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်း၍ EV သီးသန့် ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် တရားဝင်ပြောင်းလဲခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန် စတော့အိတ်ချိန်း (NASDAQ) ၌ စာရင်းဝင်ခဲ့သည်။
ဟိုင်ဖောင်ရှိ ပင်မစက်ရုံကြီးသည် ပထမအဆင့်တွင် တစ်နှစ်လျှင် ယာဉ်စီးရေ ၂၅၀,၀၀၀ မှ ၃၀၀,၀၀၀ ဝန်းကျင်အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း အဆင့်များအထိ တိုးချဲ့ပြီးပါက တစ်နှစ်လျှင် အစီးရေ ၆၀၀,၀၀၀ (၆ သိန်း) အထိ ထုတ်လုပ်နိုင်သည့် မဟာဗျူဟာမြောက် စက်ရုံအဆင့်အတန်းအဖြစ် ပြင်ဆင်ထားသည်။ လက်ရှိတွင် ထိုစက်ရုံကြီးမှတစ်ဆင့် VF 3, VF 5, VF 6 ကဲ့သို့သော စီးပွားရေးတွက်ခြေကိုက် ကားငယ်များမှသည် VF 7, VF 8, VF 9 အပါအဝင် လျှပ်စစ်မော်တော်ဆိုင်ကယ်များနှင့် VinBus လျှပ်စစ်ဘတ်စ်ကားများကိုပါ မော်ဒယ်စုံ ထုတ်လုပ်လျက်ရှိသည်။
ထို့အပြင် အမေရိကန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင်ပါ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တိုးချဲ့တည်ဆောက်ကာ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်လျက်ရှိသည်။ EV ယာဥ်များမှာ ဘက်ထရီစျေးကြီးသဖြင့် VinFast သည် ဈေးကွက်ထိုးဖောက်ရန်အတွက် ကားဝယ်ယူသူများကို ဘက်ထရီဖိုး မယူဘဲ လစဉ်ကြေးဖြင့် ငှားရမ်းသုံးစွဲစေသည့် “ဘက်ထရီအငှားစနစ်” ဖြင့် ကားဈေးနှုန်းကို လျှော့ချပေးခဲ့သည်။ ထို့အပြင် VinGroup နှင့် VinFast တို့၏ ဥက္ကဋ္ဌဖြစ်သူ Mr. Phạm Nhật Vượng ပိုင်ဆိုင်သည့် “Xanh SM” လျှပ်စစ်တက္ကစီ ကုမ္ပဏီမှတစ်ဆင့် VinFast ကားများကို တက္ကစီအဖြစ် အများအပြား ဝယ်ယူပြေးဆွဲစေခြင်းဖြင့် ရောင်းအားကို ပုံမှန်ထိန်းထားနိုင်သည့် စီးပွားရေးပုံစံသစ်ကို ရေးဆွဲခဲ့သည်။
ဗီယက်နမ် မော်တော်ယာဉ် ကဏ္ဍတွင် Kia, Mazda တို့ကို တပ်ဆင်ရောင်းချသည့် Thaco Group နှင့် Hyundai Thanh Cong တို့ကဲ့သို့ တပ်ဆင်ရေး ကုမ္ပဏီများ ရှိသော်လည်း VinFast သည် ပြည်တွင်းဖြစ် ကိုယ်ပိုင်အမှတ်တံဆိပ် (Own Brand) သီးသန့်ဖြင့် အမျိုးသားအဆင့် အကြီးဆုံး ကားထုတ်လုပ်သူအဖြစ် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
