၄.၉.၂၀၂၆
Translated by Htwe Ko Tun
နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် ရေကြီးရေလျှံမှုများ သြဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့ပြီးနောက် ကိုးရက်အကြာ စက်တင်ဘာလ ၄ ရက်တွင် ကယ်ဆယ်ရေးသမားများက Trishuli 3A ရေအား လျှပ်စစ်စီမံကိန်းရှိ ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်းမှ အသံများကို ကြားပြီးနောက် အမျိုးသားနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ဘေးအန္တရာယ်နောက်ပိုင်း အခြားသော အသက်ရှင်လျက် ပိတ်မိနေသူများရှိနိုင်သေးသည်ဟူသော မျှော်လင့်ချက်များ တိုးပွားလာခဲ့သည်။
ကယ်ဆယ်ရရှိသော အမျိုးသားများမှာ စက်ပိုင်းဆိုင်ရာ အလုပ်ကြပ်တစ်ဦးဖြစ်သည့် ဆန်ဂျေးတာနှင့် စက်ပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူး ကာဘာ မာဟာဂျန်တို့ဖြစ်သည်ဟု Rastriya Swatantra ပါတီမှ ဥပဒေပြုအမတ်တစ်ဦးဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် ရေကြီးမှုဖြစ်ပွားချိန်မှစ၍ ရှာဖွေရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သော အင်ဂျင်နီယာ ရှရီ ရမ် နျူပိန်းက ပြောကြားခဲ့သည်။
အမျိုးသားနှစ်ဦးစလုံးကို ခတ္တမန္ဒူသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။ ဆန်ဂျေးကို ချူကောနီရှိ Birendra တပ်မတော်ဆေးရုံတွင် ကုသပေးမည်ဖြစ်ပြီး မာဟာဂျန်ကို အမျိုးသားစိတ်ဒဏ်ရာစင်တာသို့ ပို့ဆောင်ပေးမည်ဟု စစ်တပ်အရာရှိများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းမှ ရရှိသော နောက်ဆုံးရသတင်းများအရ ဆန်ဂျေးကို စက်တင်ဘာလ ၄ ရက်အစောပိုင်းတွင် ကယ်တင်နိုင်ခဲ့ပြီး ထို့နောက် မာဟာဂျန်ကိုလည်း ဆက်လက်ကယ်တင်နိုင်ခဲ့သည်။ ကယ်ဆယ်ရေးသမားများက အခြားလူများ ဥမင်လိုဏ်ခေါင်းအတွင်း၌ ရှိနေနိုင်သေးကြောင်း သတင်းများ ရရှိထားပြီး ၎င်းတို့ကို ဆက်လက်ရှာဖွေနေကြောင်း နျူပိန်းက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများက ဥမင်လိုဏ်ခေါင်းအတွင်းမှ အသံများကို ကြားခဲ့ရပြီးနောက် ပိတ်မိနေသူများနှင့် ဆက်သွယ်မှု ပြုလုပ်နိုင်ခဲ့အပြီး ပိတ်မိနေသူများရှိမည်ဟုယုံကြည်ကာ ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့ခြင်းဖြစ်သည်။ အသံများ ကြားရပြီးနောက် နီပေါစစ်တပ်နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့တို့သည် ၎င်းတို့ထံ ရောက်ရှိရန် ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့က “ထိတ်လန့်မနေပါနဲ့၊ ငါတို့ မင်းကို ကယ်ဆယ်ဖို့ ရောက်နေပါပြီ” လို့ အော်ဟစ်ခဲ့ပြီး အတွင်းမှပိတ်မိနေသူက ‘အိုကေ’လို့ တုံ့ပြန်ခဲ့ပါတယ်” ဟု နျူပိန်းက ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ကယ်ဆယ်ရေးသမားများက ဥမင်လိုဏ်ခေါင်းအတွင်း၌ လူတစ်ဦးထက်ပို၍ ရှိနေသည် ဟု အတည်ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သြဂုတ်လ ၂၆ ရက်တွင် ရုတ်တရက် ရေကြီးမှုသည် ထရွိုင်ရှုလီ မြစ်ဝှမ်းကို ဖြတ်သန်းပြီး လူ ၁၂၅၂ ဦး သေဆုံးကာ ရေအားလျှပ်စစ်စီမံကိန်းများနှင့် အဓိကလမ်းပန်းဆက်သွယ်ရေးများကို ပျက်စီးစေခဲ့သည်။ ရှာဖွေရေးအဖွဲ့များသည် ဥမင်လိုဏ်ခေါင်းများနှင့် အခြားအဆောက်အအုံများအတွင်း ပိတ်မိနေနိုင်သူများကို ရှာဖွေရန် ခက်ခဲသောအခြေအနေများတွင် လုပ်ဆောင်နေကြရသည်။
Ref; Kathmandu Post


