၄.၉.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခြင်း၊ အဓမ္မပြည့်တန်ဆာပြုလုပ်စေခြင်းအပါအဝင် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူခြင်းစသည့် ဖြစ်စဉ်များ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက စက်တင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆)တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆)ကို နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမတွင် ကျင်းပခဲ့ပြီး လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံပြီး ဇာတိနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း၊ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ပညာရေးနှင့်ကျွမ်းကျင်မှုအခြေခံအသက် မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခြင်း၊ အဓမ္မပြည့်တန်ဆာပြုလုပ်စေခြင်း၊ အဓမ္မလုပ်အားစေခိုင်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူခြင်းစသည့်ဖြစ်စဉ်များ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ” ပြောကြားခဲ့သည်။
ထို့ပြင် လူကုန်ကူးမှုပြဿနာသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စုတစ်ခုလုံး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာကို ကြီးမားစွာ ထိပါးဖျက်ဆီးနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်ပြင်းထန်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေနှင့်အညီ ခိုင်လုံသောအထောက်အထားများဖြင့် တရားစွဲဆို တင်ပို့လျက်ရှိပြီး လူကုန်ကူးခံရသူများ၊ သက်သေများ၏လုံခြုံမှုကို ထိရောက်စွာကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံရှိသံရုံးများနှင့် ရဲဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau(NCB)လမ်းကြောင်းများမှ တစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်၍ ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် လူကုန်ကူးခံရနိုင်ခြေရှိသော ထိခိုက်လွယ်အုပ်စုများကို စိစစ်ဖော်ထုတ်ပြီး တိုက်ရိုက်အကူအညီပေးခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ မိဘထံ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေက ပြောကြားခဲ့ကြောင်း သိရသည်။
