သက်တံ့
၁. ၉. ၂၀၂၆
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နေ့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသားများအပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများမှ ကျောင်းသားများလည်း ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်သဖြင့် ယခင်နှစ်များထက် အောင်ချက်ရာနှုန်းတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ယခုနှစ်တွင် စတင်ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည်လည်း ၄၉ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံ့ပညာရေးအတွက် အားရဂုဏ်ယူစရာပင်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ရရှိသူ (၆၇၄) ဦး၊ တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ (၃၂) ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဘာသာစုံဂုဏ်ထူး ရရှိသူ (၃) ဦး၊ တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ (၅၀) ပေါ်ထွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ကြောင့် ယနေ့အခမ်းအနားတွင် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၀၇) ဦးကို ရွှေစင် (၁) ကျပ်သား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုရလဒ်များကို မှတ်ကျောက်တင် ဂုဏ်ပြုပေးခြင်းဖြစ်သဖြင့် အဆင့်မြင့်ပညာကို ဆက်လက်ထူးချွန်အောင် ကြိုးစားရန် မြှောက်စားအားပေးခြင်းလည်းဖြစ်သည်ကို ပြောကြားလိုကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မသိရီစိုး၊ မအေးချမ်းမြေ့၊ မောင်စည်သူဗိုလ်၊ မသက်နှင်းစံ၊ မောင်ဉာဏ်ဟိန်းဇေ၊ မမေဇင်ဖုန်းမြတ်၊ မအိကေဇင်၊ မသင်းပျံ့ပြည့်စုံခင်၊ မောင်ဘုန်းတေဇာသွေး၊ မဆောင်းနှင်းဖြူနှင့် မခင်ငြိမ်းစုတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးအား လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
