သက်တံ့
၁. ၉. ၂၀၂၆
အမြန်လမ်းတွင် လမ်းဖြတ်ကူးသူအမျိုးသမီးတစ်ဦး ဝင်းခရီးသည်တင်ယာဥ်နှင့် တိုက်မိပြီး သေဆုံးမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန်က ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂/၅နှင့် ၃၂/၆ကြား ရန်ကုန်မှနေပြည်တော်သို့အသွားလမ်းတွင် 9Q-9836 ဝင်း ခရီးသည်တင်ယာဉ်သည် ရုတ်တရက်လမ်းဖြတ်ကူးသော အမျိုးသမီးတစ်ဦးအား တိုက်မိခဲ့သော မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်ကြောင့် လမ်းကူးသူအမျိုးသမီးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင် လမ်းလျှောက်သူ၊ လမ်းဖြတ်ကူးသူ၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ သုံးဘီးယာဉ်များ သွားလာခြင်း၊ ကျွဲ၊ နွားလှည်းများ၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး အစရှိသည့်တိရစ္ဆာန်လွှတ်ကျောင်းခြင်းများ လုံးဝ ခွင့်မပြုကြောင်းနှင့် အမြန်လမ်းပေါ်၌ အဆိုပါ လူ၊ ယာဉ်၊ လှည်း၊တိရစ္ဆာန်များကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်၊ လှည်း မောင်းနှင်သူ၊ လမ်းလျှောက်သူ၊ လွှတ်ကျောင်းသူ၊ တိရစ္ဆာန်ပိုင်ရှင်များသာအရေးယူခံရမည်ဖြစ်ကြောင်းလည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။
