နေမိုး
၁. ၉. ၂၀၂၆
သုံးဘီးဖြင့် ရွာကူးသည့် သက်ကြီးရွယ်အိုသုံးဦးကို PDF ငါးဦးက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ရာမှ သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး စိုးရိမ်ဒဏ်ရာရမှု ပွင့်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းရရှိသည်။
NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနေ ဒေါ်သိန်းတင်(၆၈)နှစ်၊ ဒေါ်ရွှေကျင် (၅၇)နှစ်နှင့် ဦးမျိုးကြိုင်(၆၃)နှစ်တို့သည် ရေပုတ်ကြီးကျေးရွာမှ ကျောင်းကုန်းကြီးကျေးရွာသို့ သုံးဘီး ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ရေပုတ်ကြီးကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာအကြား ၌ PDF ငါးဦးခန့်က သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်သိန်းတင်နှင့် ဒေါ်ရွှေကျင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမျိုးကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများ စိုးရိမ်ရအခြေအနေ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
