နေမိုး
၁. ၉. ၂၀၂၆
ညအချိန်ခရီးသွားသည့် ပြည်သူလေးဦးကို မကွေး PDF များက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ရာမှ တစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦး ဒဏ်ရာရပွင့်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းရရှိသည်။

NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၉ ရက် ည ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုနေ့ည ၇ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တယ်ပင်စမ်းကျေးရွာနေသူများ ဖြစ်ကြသည့် ဦးထင်လင်းအောင်(၃၁)နှစ်၊ ဦးလင်းကြည်(၄၀)နှစ်၊ ဒေါ်စန်းစန်း(၅၇)နှစ်နှင့် ဒေါ်ဝင်း(၅၂)နှစ်တို့သည် မကွေးမြို့မှ မြို့သစ်မြို့ဘက်သို့ မကွေး – နတ်မောက် ကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးဖြင့် ထွက်ခွာလာစဉ် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား (စိစစ်ဆဲ)က သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်စန်းစန်းတွင် ကျည်ထိမှန်ဒဏ် ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ဝင်း၊ ဦးထင်လင်းအောင်နှင့် ဦးလင်းကြည်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
