နေမိုး
၁. ၉. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦး သေဆုံးကာ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အမှတ်(၂) ရပ်ကွက်အတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်နေသူများ ဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း(ခုံခမ်း)မှ စာရေး(၁)ဖြစ်သူ ဒေါ်သက်မွန်စိုး(၄၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်း၏သားဖြစ်သူ မောင်စိုင်းမင်းထက်(၃)နှစ်နှင့် ဦးဇော်နိုင်(၄၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
