၁.၉.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာအုပ်စု ကြက်ကွင်းကျေးရွာရေပြင်တွင် ရေဘေးလာလှူသည့်စက်လှေတိမ်းမှောက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ပျောက်ဆုံးနေသော အမျိုးသားနှစ်ဦးကို ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၇ နာရီတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း လိုက်လံရှာဖွေခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“စက်လှေမှောက်ပြီး ပျောက်နေတဲ့ အမျိုးသားနှစ်ဦးကို မနေ့ (သြဂုတ်လ ၃၁ရက်)က တစ်ယောက်ပြန်တွေ့တဲ့နေရာနားမှာပဲ ပြန်တွေ့ရှိပါတယ်။ အားလုံးက ရေကူးတတ်ကြပေမယ့် ရေအားကြီးတဲ့အချိန် ရေပေါ် ပေါ်မယ့် အကူပစ္စည်းမပါရင် မလွယ်ဘူး”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။


ဖြစ်စဥ်မှာ သြဂုတ်လ ၃၀ရက်၊ မွန်းလွဲ ၃ နာရီခန့်က ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာအုပ်စု ကြက်ကွင်းကျေးရွာရေပြင်တွင် ရေဘေးအလှူသို့လာရောက်လှူဒါန်းသော စက်လှေတိမ်းမှောက်ခဲ့ရာ လိုက်ပါလာသူ အမျိုးသားသုံးဦးပျောက်ဆုံးနေပြီး သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် အလှူရှင် အမျိုးသားကို ပြန်လည်တွေ့ရှိခဲ့သော်လည်း ကြပ်ကွင်းကျေးရွာဒေသခံ အမျိုးသားနှစ်ဦးမှာ ပျောက်ဆုံးခဲ့သည်။
ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပျောက်ဆုံးနေသော အမျိုးသားနှစ်ဦးကို လူမှုကူညီရေးအဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေကြရာ နံနက် ၇ နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို မဏီစလလူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင် မော်တော်ယာဥ်ဖြင့် ရေကြည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


သြဂုတ်လ ၅ရက် နံနက်ပိုင်းကလည်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ရေဘေးကူညီကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သူ အသက် ၂၀ အရွယ်လူငယ်တစ်ဦး ရေဘေးသင့်သူများကို ထမင်းထုပ်ဝေပြီးအပြန်တွင် လူသွားရန်ကြိုးတန်းထားသောကြိုးကို လက်မှကိုင်၍ ကမ်းကူးရာမှ လက်မှလွတ်သွားကာ ရေစီးဖြင့်မျောပါကာ ရေနစ်သေဆုံးခဲ့သည်။
ရေဘေးသင့်ပြည်သူများအား လာရောက်အားပေးလှူဒါန်းကျသောအလှူရှင်များအနေဖြင့် ရေလမ်းကြောင်းများ သွားလာရာတွင် အသက်ကယ်အင်္ကျီများကို အယောက်စီတိုင်း မဖြစ်မနေဝတ်ဆင်ကျရန်၊ အလှူရှင်များ အသုံးပြုသော စက်လှေများ၊ စက်တပ်ရေယာဉ်များပေါ်တွင် အလှူပစ္စည်းများကို ခံနိုင်ဝန်ထက်ကျော်လွန်၍ မတင်ရန်နှင့် သွားရောက်လှူဒါန်းရာတွင် နီးစပ်ရာကယ်ဆယ်ရေးအဖွဲ့များ၏ ကယ်ဆယ်ရေးလှေများကိုလည်း အကူညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမူကယ်ဆယ်ရေးအဖွဲ့က အကြံပြုထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ၊ တလုတ်ထော်၊ ငါးသိုင်းချောင်း၊ ရေကြည်မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ရေနစ်သေဆုံးသူ ၁၄ ဦးထက် မနည်းရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။



