သက်တံ့
၁. ၉. ၂၀၂၆
လာအိုသမ္မတ Thongloun Sisoulith (ထောင်လွန်း ဆီဆုလစ်) သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးဘက်မိတ်ဖက်များ အစည်းအဝေး (SCO Plus) သို့ တက်ရောက်ရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် အတူ တနင်္လာနေ့တွင် ကာဂျစ်စတန်နိုင်ငံ၊ ဘစ်ရှကတ်မြို့သို့ ရောက်ရှိခဲ့ပြီး ယင်းသည် လာအိုနိုင်ငံအနေဖြင့် SCO ၏ ဆွေးနွေးဘက်မိတ်ဖက် (Dialogue Partner) အဖြစ် ပထမဆုံးအကြိမ် တရားဝင် ပါဝင်တက်ရောက်ခြင်း ဖြစ်သည်။
သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မာနက်စ် (Manas) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်၌ ကာဂျစ်စတန်နိုင်ငံမှ အဆင့်မြင့်အရာရှိများက ကြိုဆိုခဲ့ကြသည်။ သမ္မတ Thongloun အား အစည်းအဝေးတက်ရောက်ရန် ကာဂျစ်စတန်သမ္မတ Sadyr Japarov က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ကျင်းပသည့် SCO Plus အစည်းအဝေးကို “တရားမျှတသော ကမ္ဘာ့စနစ်၏ သော့ချက်အစိတ်အပိုင်းအဖြစ် ကုလသမဂ္ဂ – ဗဟုဝန်ရိုးကမ္ဘာ (Multipolar World) ဖော်ဆောင်ရေးတွင် SCO Plus နိုင်ငံများ၏ ပါဝင်ကူညီမှု” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ယင်းအစည်းအဝေးသို့ SCO အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဘက်မိတ်ဖက်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲကာလအတွင်း သမ္မတ Thongloun သည် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းများကို ဆွေးနွေးရန် အခြားနိုင်ငံအကြီးအကဲများနှင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ ထို့နောက် သမ္မတ Thongloun သည် SCO အတွင်းရေးမှူးချုပ် Nurlan Yermekbayev အား လက်ခံတွေ့ဆုံခဲ့ပြီး SCO မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများ ခိုင်မာစေရေးတွင် ၎င်း၏ ဦးဆောင်မှုကို ချီးကျူးခဲ့သည်။ ယင်းကြိုးပမ်းမှုများသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ပံ့ပိုးကူညီမှုတစ်ခုဖြစ်ကြောင်း လာအိုခေါင်းဆောင်က ပြောကြားခဲ့သည်။
သမ္မတ Thongloun က ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် လာအိုနိုင်ငံအား ဆွေးနွေးဘက်မိတ်ဖက်အဖြစ် သတ်မှတ်ပေးသည့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ခြင်းကို မြင့်မားစွာ တန်ဖိုးထားကြောင်းနှင့် ယင်းသည် ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်၏ အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လာအိုနိုင်ငံအနေဖြင့် SCO လုပ်ငန်းစဉ်များတွင် တာဝန်သိစွာ ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးဘက်မိတ်ဖက် အဆင့်အတန်းကို အမှန်တကယ် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အကောင်အထည်ဖော်မှုများအဖြစ် ပြောင်းလဲသွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့သည်။
ယင်းအပြင် Thongloun က လာအိုနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြား အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးစားပေးနယ်ပယ် ၄ ခုကို အဓိကထား ပြောကြားခဲ့သည်။ ထိုနယ်ပယ် ၄ ခုမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် စိတ်ချရသော အစားအစာရရှိရေး၊ ကွန်ရက်ချိတ်ဆက်မှုနှင့် ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေး၊ နှင့် ဒစ်ဂျစ်တယ် ကူးပြောင်းရေးစနစ်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ကြသည်။
SCO အတွင်းရေးမှူးချုပ် Yermekbayev ကလည်း ဆွေးနွေးဘက်မိတ်ဖက်အဖြစ် လာအို၏ အခန်းကဏ္ဍကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် လာအိုအကြား တည်ဆောက်ထားသော ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများကို မြင့်မားစွာ တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုများ၊ စီးပွားရေးဆိုင်ရာ ဦးစားပေးနယ်ပယ်များကို ပိုမိုကျရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် လာအိုဘက်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် SCO အတွင်းရေးမှူးချုပ်ရုံး၏ အသင့်ရှိမှုကိုလည်း အတည်ပြုခဲ့သည်။
လာအိုနိုင်ငံ၏ ဆွေးနွေးဘက်မိတ်ဖက်အဖြစ် ပါဝင်မှုနှင့် ဘစ်ရှကတ်မြို့ရှိ အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံရန် အစိုးရ၏ ကတိကဝတ်ကို ပေါ်လွင်စေပြီး ဒေသတွင်း ချိတ်ဆက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးစီးပွားကို အထောက်အကူပြုသည့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးလျက်ရှိသည်။
Ref: Vientaine Times
