




သက်တံ့
၂၇. ၉. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ်ဘူတာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံတက္ကသိုလ် YBS ဂိတ်ကို ဘူတာနှင့် တက္ကသိုလ်သို့ ဝင်ရောက်သည့်လမ်း၏ ဘေးဘက်တွင် စနစ်တကျထားရှိနိုင်ရေးနှင့် ယာဉ်ရပ်နားဝင်း တည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုခဲ့စစ်ဆေးခဲ့သည်။
ထို့ပြင် တက္ကသိုလ်အတွင်း ယာဉ်ရပ်နားစနစ်ကို စနစ်တကျဖြစ်စေရေး၊ ယာဉ်ဝင်ထွက်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဘတ်စ်ကားများ ပြေးဆွဲပေးနေမှုအခြေအနေနှင့် လိုအပ်ချက်များကို စိစစ်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့အတူ တက္ကသိုလ်ဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီတွင် ရေဝပ်ရေလျှံမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတအား ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ လက်ရှိအခြေအနေ၊ ပညာရေးဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် စီမဲကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဒဂုံတက္ကသိုလ် အားကစားကွင်းနှင့် ပွဲကြည့်စင်တို့ကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ပြုပြင်အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် တက္ကသိုလ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။
