

၁၃.၁၁.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယစ်မျိုးလိုင်စင်ကောက်ခံသည့် နှုန်းထားအများဆုံးစာရင်းတွင် တတိယအဆင့်သာရှိရာ ယစ်မျိုးလိုင်စင် ၃၂ မျိုးကို လက်ရှိကောက်ခံနေသည့်နှုန်းထားများအပေါ် ဖြစ်သင့်သည့်နှုန်းထားများအား ပြင်ဆင်သည့်ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောထား မှတ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို အဆိုပါကော်မတီဝင် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်ဥမ္မာအောင်က ဖတ်ကြားတင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်အပါအဝင် ၁၅ ခုသည် ဥပဒေများ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ပြီး ဥပဒေနှင့်အညီ ယစ်မျိုးခွန်များကို ကောက်ခံလျက်ရှိကြောင်း၊ ထိုသို့ကောက်ခံရာတွင် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ နေပြည်တော်နယ်မြေများကသာ ကျန်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များထက် ယစ်မျိုးလိုင်စင်ကောက်ခံသည့် နှုန်းထားအများဆုံး ဖြစ်ကြောင်း လေ့လာတွေ့ရှိရကြောင်း၊ ယင်းနယ်မြေ(၅)ခုအနက် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး နေပြည်တော်က ဒုတိယဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးက တတိယအဆင့်သာ ရှိနေကြောင်း၊ ထို့ကြောင့် ယစ်မျိုးလိုင်စင် ၃၂ မျိုးသည် ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိကောက်ခံနေသည့် နှုန်းထားများအပေါ် ဖြစ်သင့်သည့်နှုန်းထားများကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်သည့်ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါဥပဒေကြမ်းရေးဆွဲတင်ပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အခွန်ရငွေတိုးမြှင့်ရရှိနိုင်ရန်ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့( နိုဝင်ဘာ ၆ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီက ” ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း” အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းတွင် အပိုဒ် ၂ ပိုဒ်ပါရှိပြီး အပိုဒ်(၁)တွင် တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းဟု ခေါ်တွင်စေရန်နှင့် အပိုဒ်(၂)တွင် မူလဥပဒေဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ၏ ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၏ လိုင်စင်အမျိုးအစားအလိုက် ယစ်မျိုးခွန်ကောက်ခံမည့် နှုန်းထားများကို အစားထိုးပြင်ဆင်ထားကြောင်း သိရသည်။
ထို့ပြင် ယစ်မျိုးနှင့်ပတ်သက်၍ ယစ်မျိုးလိုင်စင်ချထားသည့်ကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဘဏ္ဍာတော်မင်းကြီးဖြစ်သည့်အတွက် ယစ်မျိုးလိုင်စင်ချထားသည့်ကိစ္စများကို ဆောင်ရွက်ရကြောင်း လေ့လာတွေ့ရှိရကြောင်း၊ ယစ်မျိုး လိုင်စင် စုစုပေါင်း ၃၂ ခုရှိသည့်အနက် လေလံချထားသည့် လိုင်စင်အမျိုးအစား ၇ ခုရှိပြီး ယင်းလိုင်စင်များမှာ ထန်းရည်နှင့် အရက်ဖြူများဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရကြောင်း၊ ကျန်လိုင်စင် အမျိုးအစားများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄(က)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းရကြောင်း စိစစ်တွေ့ရှိရသည်ဟု ဥပဒေကြမ်းကော်မတီက ဖော်ပြထားသည်။
