


၁၂.၁၁.၂၀၂၆
Written by NYL
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးနှင့်ပတ်သက်သည့်ကိစ္စ၊ အာဆီယံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဥရောပအာရှပေါင်းစည်းရေးဆိုင်ရာ အစည်းအဝေးများနှင့် ပြပွဲအခမ်းအနားများ၌ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသရေးတို့နှင့်ပတ်သက်သည့် ကိစ္စများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အစ်ဇကန်ဒါ အဇီဇော့ဗ်၊ ရန်ကုန်မြို့ရှိ ရုရှားသံရုံးနှင့် နေပြည်တော်ရှိ ဘယ်လာရုစ်သံရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲပိုင်းတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးအား အဆိုပါဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ နှစ်ဖက်စီးပွားရေးအသိုက်အဝန်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရေးတို့အပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံး ယာယီတာဝန်ခံနှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
