သက်တံ့
၁၂. ၁၁. ၂၀၂၆
အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) သည် အီရတ်၊ လက်ဘနွန်၊ မာလီနှင့် မြန်မာနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အရာရှိ ၂၄ ဦးအား အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းများ စုံစမ်းစစ်ဆေးခြင်းနှင့် ခိုးယူခံရသော ပိုင်ဆိုင်မှုများ ပြန်လည်သိမ်းဆည်းခြင်းဆိုင်ရာ သင်တန်းပို့ချပေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ သီတင်းတစ်ပတ်ကြာ သင်တန်းအစီအစဉ်ကို အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၏ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်အောက်တွင် နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ ဂါဇီယာဘတ်မြို့ (Ghaziabad) ရှိ CBI အကယ်ဒမီ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် CBI အထူးညွှန်ကြားရေးမှူး အန် ဗီနူး ဂိုပယ်လ် (N Venu Gopal) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ သင်တန်းသားများအဖြစ် ဘော့ဆွာနာနိုင်ငံမှ ၃ ဦး၊ လက်ဘနွန်၊ မာလီ၊ မောရစ်ရှပ်စ်၊ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယားနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ ၂ ဦးစီနှင့် အီသီယိုးပီးယား၊ ဂါနာ၊ အီရတ်၊ မဒါဂတ်စကား၊ မော်လ်ဒိုက်၊ မြန်မာ၊ နမီးဘီးယား၊ ပနားမားနှင့် ပါရာဂွေးနိုင်ငံတို့မှ ၁ ဦးစီ တက်ရောက်ခဲ့ကြသည်။
ယင်းအဖွဲ့တွင် တရားဥပဒေစိုးမိုးရေးနှင့် စုံစမ်းစစ်ဆေးရေး အေဂျင်စီများမှ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၁၃ ဦး ပါဝင်သည်။ သင်တန်း၌ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UN Convention against Corruption) နှင့် အိန္ဒိယဥပဒေများ၊ ဒစ်ဂျစ်တယ် သက်သေအထောက်အထားများ၊ ခရစ်ပတိုငွေကြေး (Cryptocurrency) ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေဖော်ထုတ်ခြင်း၊ ပိုင်ဆိုင်မှု ခြေရာခံလိုက်လံခြင်းနှင့် အမည်ခံ (Benami) နှင့် ဟန်ပြကုမ္ပဏီကွန်ရက်များမှတစ်ဆင့် လွှဲပြောင်းထားသော ပိုင်ဆိုင်မှုများကို ဖော်ထုတ်ခြင်းတို့ကို ပို့ချခဲ့ကြောင်း CBI က ပြောကြားခဲ့သည်။
ထို့ပြင် တရားစွဲဆိုမှုဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် ပိုင်ဆိုင်မှုများ ပြန်လည်သိမ်းဆည်းခြင်း၊ တရားမကြောင်းနှင့် ပြစ်မှုကြောင်းဆိုင်ရာ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းပို့ချခဲ့သည်။ သင်တန်းသားများသည် နယူးဒေလီရှိ CBI ဌာနချုပ်မှ NETRA ဓာတ်ခွဲခန်းနှင့် ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးစင်တာ (Global Operations Centre) တို့သို့လည်း သွားရောက်လေ့လာခဲ့ကြသည်ဟု သိရသည်။
Ref: The New Indian Express
