၂၇.၉.၂၀၂၆
Written by Linn Eain
လျှပ်စစ်ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်သည့် စမ်းချောင်းမြို့နယ်ရှိ ROYAL KHATTAR ဟိုတယ်ပိုင်ရှင်များနှင့် မန်နေဂျာကို အမှုဖွင့်ကာ ကျပ် ၁၃၈ သန်းကျော် ပြန်လည်ပေးသွင်းစေရန် အရေးယူထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၇ ရက် ထုတ်ပြန်မှုအရ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစဉ် စက်တင်ဘာလ ၂၄ ရက်တွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခေတ္တာလမ်း၊ အမှတ် ၂၃ ရှိ ROYAL KHATTAR ဟိုတယ်သည် လျှပ်စစ်ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးပေါ်ပေါက်သည့်အတွက် လျှပ်စပ်မီတာကို ချက်ချင်းဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့သည့် ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင်တို့နှင့် မန်နေဂျာ ဦးနေမင်းအောင်တို့အား စမ်းချောင်းမြို့မရဲစခန်းတွင် အမှုအမှတ် (ပ) ၃၉၉/၂၀၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ ပိုမိုဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများအား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျ သုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိရပါက Call Center များကို ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။
