MT News
၂၈. ၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) ၌ ဆေးကုသဝန်ဆောင်မှုအပြင် ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုတိုးချဲ့ဆောင်ရွက်နိုင်ရေး ကျောက်ကပ်သန့်စင်စက်တပ်ဆင်ပြီး စမ်းသပ်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စမ်းသပ်လည်ပတ်မှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အောက်တိုဘာလအတွင်း အာမခံအလုပ်သမား လူနာများကို ကျောက်ကပ်သွေးသန့်စင်ပေးနိုင်ရေး လိုအပ်သောဆေးပစ္စည်းများ အမြန်ဝယ်ယူနိုင်ရေး မှာကြားသည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ကျောက်ကပ်သွေးသန့်စင်လုပ်ငန်းအတွက် လိုအပ်သောရေသန့်စက် တပ်ဆင်မှုလုပ်ငန်းများပြီးစီးမှု၊ ဆက်စပ်ပစ္စည်းများဝယ်ယူနိုင်ရေး ဆောင်ရွက်နေမှုများနှင့် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ အာမခံအလုပ်သမားများ ကျောက်ကပ်သွေးသန့်စင်လုပ်ငန်းများ ဆောင်ရွက်လိုပါက အလုပ်သမားဆေးရုံ (ထန်းတပင်) ၌ လာရောက်ဆေးကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း တင်ပြသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်သည့် ဝန်ဆောင်မှုများကို အလုပ်သမားဆေးရုံကြီး (ရန်ကုန်) တွင် ၈/၂၀၂၆ လထိ အာမခံအလုပ်သမားလူနာ ၅၃၀ အတွက် ဆေးကြောသည့် အကြိမ်ရေ ၃၀၄၅ ကြိမ်နှင့် အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင် အာမခံအလုပ်သမားလူနာ ၃၀၈ ဦးအတွက် ဆေးကြောသည့်အကြိမ်ရေ ၂၅၄၂ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၂၇) အာနန္ဒာဘုရားလမ်းနှင့် မေဃဝတီကျောင်းလမ်းထောင့် ဘဝမြင့်ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်ရှိ နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်) အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများအနေဖြင့် အလုပ်ရှင်များလိုအပ်သည့် ကျွမ်းကျင်သင်တန်းများ ပို့ချပေးနိုင်ရေး မျက်ခြည်မပြတ်ဆောင်ရွက်ရန်နှင့် သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန်၊ မိမိဌာနများ၊ သင်တန်းကျောင်းများ အစဉ်မပြတ်ကောင်းမွန်မှုရှိစေရေး တာဝန်ကျဝန်ထမ်းများအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
