၂၈.၉.၂၀၂၆
Translated by Htwe Ko Tun
နီပေါနိုင်ငံတွင် ရက်အတော်ကြာ မိုးလေဝသအခြေအနေဆိုးရွားခဲ့ပြီးနောက် နီပေါနိုင်ငံနှင့် တိဘက်ဒေသ နယ်စပ်အနီး၊ မာနန်းခရိုင်အတွင်းရှိ ပေ ၂၃,၀၀၀ ကျော်မြင့်သော ဟင်လန်ဟီမယ်လ်တောင်၏ တောင်ခြေစခန်းသို့ တောင်စောင်းပေါ်မှ နှင်းထုကြီးများ ရုတ်တရက် အရှိန်ပြင်းစွာနှင်းပြိုကျမှုတစ်ရပ် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဝေးလံခေါင်ဖျားသော ဒေသတွင် ဖြစ်ပွားခဲ့သော ထိုနှင်းပြိုကျမှု၌ လမ်းပြနှစ်ဦး သေဆုံးကြောင်း အတည်ပြုထားပြီး အနည်းဆုံး လူ ၁၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ထိုဒေသတွင် ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီး နှင်းများကျဆင်းခဲ့ပြီးနောက် အမြင့်ပေ ၂၃,၃၈၀ (၇,၁၂၆ မီတာ ) ရှိ ဟင်လန်ဟီမယ်လ်တောင်တွင် နှင်းပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများအားလုံးမှာ တောင်တက်ခရီးစဉ် ဝယ်ယူထားသော ဖောက်သည်များ တောင်တက်နိုင်ရန်အတွက် တောင်ခြေစခန်းကို ပြင်ဆင်နေကြသည့် နီပေါနိုင်ငံမှ တောင်တက်ခရီးစဉ်စီစဉ်သည့် ကုမ္ပဏီများ၏ ဝန်ထမ်းများနှင့် တောင်တက်လမ်းပြများ ဖြစ်ကြသည်။
နီပေါနိုင်ငံ အမျိုးသား တောင်တက်လမ်းပြများအသင်းက “မတူညီတဲ့ကုမ္ပဏီတွေက မီးဖိုချောင်ဝန်ထမ်း ၁၄ ဦးနဲ့ တောင်တက်လမ်းပြ နှစ်ဦး စုစုပေါင်း ပျောက်ဆုံးနေခဲ့ပါတယ်၊ တောင်တက်လမ်းပြ နှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဝမ်းနည်းစရာကောင်းတာက သူတို့နှစ်ဦးစလုံး သေဆုံးနေကြတာ တွေ့ခဲ့ရပါတယ်” ဟု ပြောခဲ့သည်။
ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် တိဘက်နယ်စပ်အနီးရှိ ထိခိုက်ခံရသောနေရာ၌ လူမည်မျှရှိနေသည်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော သတင်းအချက်အလက်များ ထွက်ပေါ်လျက်ရှိသည်။ ဒေသခံရဲတပ်ဖွဲ့ကမူ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်း နှင်းပြိုကျမှု ဖြစ်ပွားချိန်၌ တောင်ခြေစခန်းတွင် လူအနည်းဆုံး ၂၂ ဦး ရှိနေခဲ့ကြောင်း ပြောကြားခဲ့သည်။
Himalayan Holidays Nepal တောင်တက်ခရီးစဉ်ကုမ္ပဏီ၏ အကြီးအကဲ ဘီဘူတီ ချန်တာကာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းက “အသစ်ကျရောက်ထားတဲ့ နှင်းတွေရှိနေတာကြောင့် အသက်ရှင်ကျန်ရစ်နိုင်ခြေ မြင့်မားနေပါသေးတယ်” ဟု ပြောကြားခဲ့ပြီး၊ ထိုဒေသသည် ဝေးလံခေါင်ဖျားပြီး ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသော ကြောင့် ပျောက်ဆုံးသူ သို့မဟုတ် အသက်ရှင်ကျန်ရစ်သူ အရေအတွက် အတိအကျကို မသိရှိရသေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဧဝရက်တောင်သည် နီပေါနိုင်ငံ၏ အကျော်ကြားဆုံးတောင်ထိပ်ဖြစ်သကဲ့သို့ ဟင်လန်ဟီမယ်လ်ကဲ့သို့သော တောင်ထိပ်များသည်လည်း တောင်တက်သမားများအကြား ရေပန်းစားသည်။ သီတင်းပတ်ကုန်ရက်များအတွင်း နီပေါနိုင်ငံတစ်ဝန်း၌ ပြင်းထန်သော ရာသီဥတုအခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားခဲ့သည်။ နိုင်ငံ၏ ဒေသအများအပြားတွင် စက်တင်ဘာလ ၂၄ ရက်မှစ၍ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး မြောက်ဘက်ပိုင်းရှိ တောင်တန်းဒေသ အမြင့်များတွင် နှင်းကျမှုများလည်း ရှိခဲ့သည်။ ဤရာသီဥတုအခြေအနေများကြောင့် လမ်းများနှင့် တောင်တက်လမ်းကြောင်းများ သွားလာရေး ထိခိုက်ခဲ့ရသလို၊ တောင်အချို့တွင် တောင်တက်ခြင်းနှင့် တောင်တက်ခရီးသွားလာခြင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ကြသည်။
ကမ္ဘာပေါ်တွင် အမြင့်ပေ ၈,၀၀၀ ကျော်ရှိသော တောင်ထိပ် ၁၄ ခုအနက် ရှစ်ခုက ဤဟိမဝန္တာဒေသရှိ နီပေါနိုင်ငံတွင် တည်ရှိပြီး တောင်တက်ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ယခုဖြစ်ပွားခဲ့သည့် နှင်းပြိုကျမှုမှာ နီပေါနိုင်ငံတွင် လူပေါင်း ၁,၄၅၃ ဦး သေဆုံးပြီး ၅,၂၈၅ ဦး ပျောက်ဆုံးနေသည့် ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော ဆိုးရွားပြင်းထန်သည့် ဘိုတေးကိုရှီမြစ် ရေကြီးရေလျှံမှု ဘေးဒဏ်မှ နိုင်ငံ ပြန်လည်နာလန်ထူလာစအချိန်တွင် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref- AP
