၂၈.၉.၂၀၂၆
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံတွင် လူသိများလှသည့် နာမည်ကျော် အော့ခ်တိုဘာဖက်စ် Oktoberfest ဘီယာပွဲတော်သို့ သွားရောက်လည်ပတ်ရန် ဖိလစ်ပိုင်ခရီးသွား ၃၃ ဦးကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် အီတလီနိုင်ငံမှ ဂျာမနီနိုင်ငံ၊ မြူးနစ်ချ်မြို့သို့ မောင်းနှင်လာစဉ် စက်တင်ဘာလ ၂၇ ရက်က တိမ်းမှောက်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားက ဖိလစ်ပိုင်လူမျိုး အများအပြားနေထိုင်ရာ အီတလီနိုင်ငံ မီလန်မြို့မှ လာရောက်ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
ဂျာမန်ရဲတပ်ဖွဲ့က ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၁ မိနစ် (GMT ၀၃:၄၁ နာရီ) တွင် A96 အဝေးပြေးလမ်းမကြီးပေါ်၌ ယာဉ်က လမ်းဘေးသို့ ထိုးကျပြီး တိမ်းမှောက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ယာဉ်တိမ်းမှောက်စဉ် ဘတ်စ်ကားပေါ်တွင် ခရီးသွား ၃၃ ဦး လိုက်ပါစီးနင်းလာခဲ့ကြောင်း သိရသည်။ ဤမတော်တဆမှုတွင် အခြားယာဉ်တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။။
ဒဏ်ရာရရှိသူ ခြောက်ဦးကို ရဟတ်ယာဉ်ဖြင့် အနီးနားရှိ ဆေးရုံများသို့ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ယူဆရသည်။ နောက်ထပ် နှစ်ဦးကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ကျန်ရှိသူ ၂၂ ဦးကိုမူ မတော်တဆမှုဖြစ်ပွားရာနေရာ၌ပင် ကနဦးကုသမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ၎င်းတို့အနက် အချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ အသက် ၅၈ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ အတည်ပြုထားခဲ့သည်။
ရဲတပ်ဖွဲ့ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဖြစ်စဉ်စတင်ချိန်မှာ အလွန်ရှုပ်ထွေးပြီး အချက်အလက် အမှန်တွေကို အတည်ပြုဖို့ ခက်ခဲပါတယ်” ဟု ရှင်းပြခဲ့သည်။ ၎င်းက ဘတ်စ်ကားပေါ်တွင် လူမည်မျှ အမှန်တကယ် လိုက်ပါစီးနင်းလာခဲ့သည်ကို အတည်ပြုနိုင်ရန်ပင် ရဲတပ်ဖွဲ့အနေဖြင့် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ရကြောင်း ပြောခဲ့သည်။
ဘတ်စ်ကားပေါ်တွင် ခရီးသွား ၃၃ ဦးအပြင် အီတလီလူမျိုး ဘတ်စ်ကားမောင်းနှင်သူနှစ်ဦးလည်း လိုက်ပါလာခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။ မတော်တဆမှုဖြစ်ပွားချိန်တွင် ယာဉ်မောင်းနှင်နေသူအား ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “ဒါက ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုပါ” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
မတော်တဆဖြစ်ရပ်၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က “မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်နိုင်ဖို့အတွက် မတော်တဆဖြစ်စဉ် ပြန်လည်ဆန်းစစ်လေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးရဲ့ အစီရင်ခံစာကို ပြည်သူ့ရှေ့နေရုံးက တောင်းခံထားပါတယ်။ လောလောဆယ်တော့ မှတ်ချက်ပေးဖို့ စောလွန်းနေသေးတယ်” ဟု ပြောခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုကို အချိန်အတိုင်းအတာတစ်ခုအထိ လုံးဝပိတ်ထားခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ယာဉ်သွားလာမှုကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။
မြူးနစ်ချ်မြို့တွင် ကျင်းပသော အော့ခ်တိုဘာဖက်စ်ပွဲတော်သည် ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော်ဖြစ်ပြီး နှစ်စဉ် ဘာဗေးရီးယားပြည်နယ်၏ မြို့တော် မြူးနစ်ချ်သို့ ပွဲတော်ချိန်၌ လာရောက်လည်ပတ်သူ သန်းနှင့် ချီရှိသည်။ ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာမြင့်လေ့ရှိသော ဤပွဲတော်တွင် ဧရာမဘီယာတဲကြီးများ၊ ဘာဗေးရီးယားရိုးရာအစားအစာများ၊ တိုက်ရိုက်ဖျော်ဖြေတင်ဆက်သည့် ဂီတနှင့် ပျော်ပွဲရွှင်ပွဲဆိုင်ရာ ကစားစရာများ ပါဝင်ပြီး ဂျာမနီနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ လာရောက်လည်ပတ်သူများကို ဆွဲဆောင်လျက်ရှိသည်။
ယခုနှစ်အတွက် အော့ခ်တိုဘာဖက်စ်ပွဲတော်ကို စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကျင်းပလျက်ရှိသည်။ ပွဲတော်ကာလ တစ်ဝက်ခန့်ရောက်ရှိချိန်တွင် လူပေါင်း ၃ ဒသမ ၈ သန်းခန့် လာရောက်လည်ပတ်ပြီးဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ် အလားတူကာလက လာရောက်လည်ပတ်သူဦးရေထက် လူဦးရေ ၃၀၀,၀၀၀ ခန့် ပိုမိုများပြားသည်။
Ref-DW News
