သက်တံ့
၂၈. ၉. ၂၀၂၆
မြန်မာနိုင်ငံတောင်ပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဒေသများသို့ သွားရောက်ကူညီနိုင်ရန် ကယ်ဆယ်ရေးသမားများက တနင်္လာနေ့ (စက်တင်ဘာ ၂၈ ရက်) တွင် ကြိုးပမ်းလျက်ရှိပြီး အဆိုပါရေဘေးကြောင့် လူ ၁၀ ဦးအထိ သေဆုံးကာ ၃၀ ဦးခန့် ပျောက်ဆုံးနေနိုင်ကြောင်း ကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီးတွင် သောကြာနေ့ညမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသောရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုဖြစ်ကာ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ဘန်ကောက်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထားဝယ်ဇမ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဦးမျိုးမင်းက တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရကြောင်း AFP သို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ကူညီပေးနေမှုများအရ တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံး မြို့ပေါ်ရပ်ကွက်များတွင်ပါ ဆိုးရွားစွာ ရေမြုပ်နေသည်ကို တွေ့ရသည်။
ကျေးရွာအချို့သို့ ခြေလျင်ဖြင့်သာ သွားရောက်နိုင်တော့ကြောင်းနှင့် ကူညီရေးအဖွဲ့များအနေဖြင့် နေရပ်စွန့်ခွာရသူ ရာပေါင်းများစွာကို ဘုန်းတော်ကြီးကျောင်း ခိုလှုံရေးစခန်းများသို့ ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း ဦးမျိုးမင်းက ဆိုသည်။
သေဆုံးဒဏ်ရာရသူ အရေအတွက်ကို “အတည်ပြုနိုင်သည့် စာရင်း မရှိသေး” သော်လည်း ပဏာမသတင်းချက်အလက်များအရ သေဆုံးသူ ၇ ဦးမှ ၁၀ ဦးကြားရှိပြီး ၂၀ မှ ၃၀ အထိ ပျောက်ဆုံးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကယ်ဆယ်ရေးသမားတွေအနေနဲ့ သဘာဝဘေးဖြစ်ပွားတဲ့ ဧရိယာတစ်ခုလုံးကို အပြည့်အဝ မကိုင်တွယ်နိုင်သေးပါဘူး” ဟု ၎င်းက တယ်လီဖုန်းမှတစ်ဆင့် AFP သို့ ပြောကြားခဲ့သည်။
ပြည်တွင်းပဋိပက္ခများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် သဘာဝဘေးအန္တရာယ်၏ ပမာဏကိုပင် ခန့်မှန်းရခက်ခဲစေသည်။
လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံသည် ဂျာမနီအခြေစိုက် Germanwatch အစိုးရမဟုတ်သောအဖွဲ့၏ အဆိုအရ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အထိခိုက်လွယ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ ဝါရှင်တန်မှ လူသားချင်းစာနာမှုဆိုင်ရာ ဘတ်ဂျက်ကို ဖြတ်တောက်ရန် ဆုံးဖြတ်ချက်ချအပြီးတွင်လည်း အကူအညီများ သိသိသာသာ လျှော့ချခံခဲ့ရသည်။
ထိုင်းနိုင်ငံတွင်လည်း ပြီးခဲ့သည့်သီတင်းပတ်ကုန်က နာရီ ၄၈ နာရီနီးပါး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အိမ်များ၊ စီးပွားရေးဆိုင်ရာ စတိုးဆိုင်များနှင့် လမ်းများ ရေမြုပ်ခဲ့သဖြင့် မြို့တော်ဘန်ကောက်တွင် ရေဘေးအန္တရာယ် ကြေညာခဲ့ရသည်။
ဘန်ကောက်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ အဆိုအရ လူပေါင်း ၄,၉၀၀ နီးပါးကို ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်ထောင်စုပေါင်း ၅၂,၀၀၀ ခန့် ထိခိုက်ခဲ့ကြောင်း သိရသည်။
Ref: AFP
