သက်တံ့
၂၈. ၉. ၂၀၂၆
သမ္မတ ရှီကျင့်ဖျင်၏ အမေရိကန်ခရီးစဉ်ကို သောကြာနေ့တွင် အဆုံးသတ်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ၊ သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်တို့ ဆွေးနွေးမှုများမှ ရလဒ် ၈ ခုအပေါ် သဘောတူညီမှု ရရှိခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦးသည် လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန် အကျိုးပြုမှုတို့အပေါ် အခြေခံ၍ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ဆောက်ရန် သဘောတူခဲ့ကြကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် APEC ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်ပြီး အမေရိကန်နိုင်ငံက ဒီဇင်ဘာလတွင် G20 ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ကူညီပံ့ပိုးပေးရန်နှင့် အပြန်အလှန် ပွဲစဉ်များသို့ တက်ရောက်ရန် ဆန္ဒရှိကြောင်းကိုလည်း သဘောတူခဲ့ကြသည်။
အီရန်ကိစ္စနှင့် ပတ်သက်၍ တီဟီရန် (အီရန်အစိုးရ) အနေဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရန် ၎င်းတို့၏ ကတိကဝတ်ကို လိုက်နာသင့်ကြောင်း ရှီနှင့် ထရမ့်ပ်တို့က သဘောတူညီခဲ့ကြသည်။ ထို့ပြင် မည်သည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းမျှ အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်းကြောင်းများ ဖြတ်သန်းခအတွက် အခကြေးငွေ မကောက်ခံရဟု ၎င်းတို့က ပြောကြားခဲ့သည်။
ရှီသည် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ အမေရိကန်နိုင်ငံသို့ ပြည်ထောင်စုအဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးအပြင် အဓိက အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ် ထရမ့်နှင့် အသေးစိတ် လဲလှယ်ဆွေးနွေးခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်များဖြစ်ခဲ့ကြပြီး စစ်ပွဲအောင်နိုင်ရန် ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကြသည်ကို ခေါင်းဆောင်နှစ်ဦးက ပြန်လည်အမှတ်ရခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် မှတ်တမ်းတင်ထားသည်။
ရှီ၏ ပြည်ထောင်စုအဆင့် ချစ်ကြည်ရေးခရီးစဉ် မတိုင်မီ တရုတ်နှင့် အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များသည် နယူးယောက်မြို့တွင် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲကို နိဂုံးချုပ်ခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးသည် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ယန္တရား၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ကြပြီး ကုန်သွယ်ရေးကောင်စီကဲ့သို့သော ယန္တရားများ ထူထောင်ရေးနှင့် မြှင့်တင်ရေး၊ ဒေါ်လာ ဘီလီယံ ၃၀ တန်ဖိုးရှိ အပြန်အလှန် ပို့ကုန်ခွန် လျှော့ချရေး အစီအစဉ်နှင့် ကွာလာလမ်ပူ ဆွေးနွေးပွဲတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို တိုးချဲ့ရေး အပါအဝင် မိမိတို့ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များ ရရှိခဲ့သည့် ရလဒ်များကို အတည်ပြုခဲ့ကြသည်။
ထိုရလဒ်များကို အကောင်အထည်ဖော်ရန်လည်း ၎င်းတို့က ညွှန်ကြားခဲ့သည်။
အလားတူ နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွင် ရှီနှင့် ထရမ့်ပ်တို့သည် အကောင်အထည်ဖော်ပြနိုင်သော ရလဒ်ကောင်းများကို ချီးကျူးခဲ့ကြသည်။ မကြာသေးမီက နှစ်ဖက်စလုံးသည် စိတ်ကိုပြောင်းလဲစေသော သက်ရောက်မှုရှိသည့် မူးယစ်ဆေးဝါးအသစ်များ (NPS) နှင့် ရှေ့ပြေးဓာတုပစ္စည်းများ ပါဝင်သည့် အမှုအမြောက်အမြားကို အတူတကွ ပူးပေါင်းဖော်ထုတ်နိုင်ခဲ့ပြီး နှစ်နိုင်ငံလုံးတွင် သံသယရှိသူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဉာဏ်ရည်တု (AI) နှင့် ပတ်သက်၍ AI နှင့် ဆက်စပ်နေသော ဘေးအန္တရာယ်များနှင့် အကျိုးကျေးဇူးများကို အမြင်ချင်းဖလှယ်ရန် တရုတ်-အမေရိကန် AI ဆွေးနွေးပွဲကို ထူထောင်ရန် သဘောတူခဲ့ကြပြီး နောက်တစ်ကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။ ထို့ပြင် AI ဆက်စပ် မတော်တဆဖြစ်ရပ်များအတွက် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကိုလည်း ထူထောင်သွားမည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံက အတ္တလန္တာ တိရစ္ဆာန်ရုံသို့ ငှားရမ်းပေးလိုက်သည့် Giant Panda ဝက်ဝံကြီးနှစ်ကောင် ရောက်ရှိလာမည်ကို အမေရိကန်ဘက်က ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။
ထိုရလဒ် ၈ ခုအပြင် တရုတ်နှင့် အမေရိကန် စစ်တပ်များသည် အကျပ်အတည်းများတွင် ဆက်သွယ်ရေးနှင့် ကာကွယ်တားဆီးရေး ပိုမိုအားကောင်းစေရန် နားလည်မှုစာချွန်လွှာ (MOU) ကို အမြန်ဆုံး လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြသလို တရုတ်နိုင်ငံအတွင်း ပျောက်ဆုံးနေသည့် အမေရိကန် စစ်သည်များ၏ အကြွင်းအကျန်များကို ရှာဖွေရာတွင်လည်း စစ်တပ်နှစ်ခုစလုံးက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: ANN, China Daily
